ပွင့်ဖြူ မတ် ၁
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီ၏ ဦးဆောင်မှုဖြင့် ဒေသခံပြည်သူများ ကိုဗစ်-၁၉ရောဂါ အန္တရာယ် ကင်းဝေးစေရန်နှင့် ရောဂါကူးစက်ပြန့်ပွားမှု ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေး ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်း(Volunteer)များ ပူးပေါင်းအဖွဲ့က နေ့စဉ် RDT (Test Kits )ဖြင့် ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိ အခမဲ့ ရှာဖွေစစ်ဆေးပေးလျက်ရှိရာ ဖေဖော်ဝါရီ ၁၁ ရက်နေ့မှ ၂၀ ရက်နေ့အထိ ကိုဗစ်ပိုးတွေ့အတည်ပြုလူနာ ၉၄ ဦး စစ်ဆေး တွေ့ရှိထားကြောင်း မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေး ကော်မတီထံမှ သိရသည်။
ဒေသခံပြည်သူများအား RDT (Test Kits)ဖြင့် ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိ စစ်ဆေးပေးခြင်း လုပ်ငန်းကို မြို့နယ်ပြည်သူ့ဆေးရုံ၊ ကုန်းဇောင်းတိုက်နယ်ဆေးရုံ၊ မဲဇလီတိုက်နယ်ဆေးရုံနှင့် ကျေးလက် ကျန်းမာရေးဌာနတို့တွင် အခမဲ့စစ်ဆေး ပေးလျက်ရှိကြောင်း သိရပြီး ဖေဖော်ဝါရီ ၁၁ ရက်နေ့မှ ဖေဖော်ဝါရီ ၂၈ ရက်နေ့အထိ ကိုဗစ်-၁၉ရောဂါ ပိုးတွေ့အတည်ပြုလူနာ စုစုပေါင်း ၉၄ ဦး စစ်ဆေးတွေ့ရှိထားပြီး ကျန်းမာရေး ကောင်းမွန်၍ ဆေးရုံဆင်းခွင့်ရရှိသူ ၂၇ ဦးရှိကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်တွင် ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန်ရောဂါ ကူးစက်ပြန့်ပွားမှု ထိရောက်စွာ ကာကွယ်ထိန်းချုပ် နိုင်ရန်နှင့် ဒေသခံပြည်သူလူထု ပူးပေါင်းကာကွယ် တိုက်ဖျက်နိုင်ရေး အတွက် မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင် ဦးဆောင်၍ ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က မြို့တွင်း လူစည်ကားနေရာများတွင် စုရပ်ပြုလုပ်ကာ လူထုအသိပညာပေးလှုပ်ရှားမှု Mask Campaign ပြုလုပ်ခြင်း၊ ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားရှိသော ကြိုတင်ကာကွယ်ရေးဆိုင်ရာ လမ်းညွှန်ချက်များအား အသံချဲ့စက်ဖြင့် ရပ်ကွက်/ ကျေးရွာများအရောက် ကွင်းဆင်းပြီး အသိပေးနှိုးဆော်ခြင်းနှင့် ကာကွယ်ဆေးထိုးနှံရေး လုပ်ငန်းအား တစ်မြို့နယ်လုံး ဆေးထိုးနှံမှု ရာခိုင်နှုန်း အပြည့်အဝ လွှမ်းခြုံနိုင်စေရေးအတွက် ဆေးထိုးစုရပ်(၄)နေရာခွဲ၍ ဒေသခ ံပြည်သူများကို ကာကွယ်ဆေး နေ့စဉ်ထိုးနှံဆောင်ရွက် ပေးလျက်ရှိကြောင်း မြို့နယ်ကိုဗစ်- ၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင် ထံမှ သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)