ကော့သောင်းမြို့တွင် ဌာနဆိုင်ရာနိုင်ငံ့ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (တတိယအကြိမ်) ထပ်ဆောင်းဆက်လက်ထိုးနှံပေး

ကော့သောင်း     မတ်လ    ၁

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ကော့သောင်းမြို့တွင် ဌာနဆိုင်ရာနိုင်ငံ့ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို တတိယအကြိမ်အဖြစ် ထပ်ဆောင်းဆက်လက်ထိုးနှံပေးလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက  ဆေးထိုးစုရပ်ဖြစ်သည့် ကော့သောင်းမြို့၊ မဉ္ဇူသကပြည်သူ့ခန်း၌ ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။

အဆိုပါကာကွယ်ဆေး (တတိယအကြိမ်) ထပ်ဆောင်းထိုးနှံပေးခြင်းကို ကော့သောင်းခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်ကြီးကြပ်မှု ဖြင့် ကော့သောင်းမြို့၊ ပြည်သူ့ကျန်းမာရေးဌာန ကျန်းမာရေး ဝန်ထမ်းများက ထိုးနှံပေးခြင်းဖြစ်ပြီး တတိယအကြိမ် ထပ်ဆောင်းထိုးနှံရာတွင် လွန်ခဲ့သည့် ခြောက်လအတွင်းက  အိန္ဒိယနိုင်ငံထုတ်ကိုဗစ်ရှီးဆေး အမျိုးအစားနှစ်ကြိမ်ထိုးနှံပြီးထားသူများကို  ထပ်မံ၍ ကိုဗစ်စင်(Covaxin) ဆေးအား ထိုးနှံပေးခြင်းဖြစ်ပြီး၊ တရုပ်နိုင်ငံထုတ် ဆိုင်နိုဖန်ဆေး အမျိုးအစားနှစ်ကြိမ် ထိုးနှံပြီးထားသူများကိုမှု အိန္ဒိယနိုင်ငံထုတ် ကိုဗစ်ရှီး ဆေးအမျိုးအစားကို တတိယအကြိမ်အဖြစ် အသီးသီးထိုးနှံပေးခြင်းဖြစ်ရာ ယနေ့ထိုးနှံမှုအဖြစ်  မြို့နယ်အတွင်းရှိ နိုင်ငံဝန်ထမ်းများကို ထိုးနှံပေးခဲ့ကြောင်းသိရသည်။

ဆက်လက်၍ တတိယအကြိမ် ကာကွယ်ဆေးထပ်ဆောင်ထိုးနှံမှုလုပ်ငန်းများကို ဒုတိယကြိမ် ဆေးထိုးနှံပြီးသူ ဝန်ထမ်းမိသားစုများနှင့် အသက်(၆၅)နှစ်နှင့်အထက် ရပ်ကွက်ပြည်သူများကို ယခုရက်ပိုင်းအတွင်း ထိုးနှံပေးသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

ကျော်စိုး (ကော့သောင်း)