ကသာမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးမထိုးရသေးသည့် ပြည်သူများ ကာကွယ်ဆေး လာရောက်ထိုးနှံ

ကသာ ဖေဖော်ဝါရီ ၂၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့ရှိ မြို့တော်ခန်းမတွင် ထပ်မံရောက်ရှိလာသော ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို ယနေ့နံနက် ၉ နာရီအချိန်မှစ၍ ထိုးနှံပေးလျက်ရှိရာ မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးမထိုးရသေးသည့် ပြည်သူများက ကာကွယ်ဆေး လာရောက်ထိုးနှံကြသည်။

ကာကွယ်ဆေး လာရောက်ထိုးနှံသူများကိုလည်း လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုနှင့် ကူညီဆောင်ရွက်ရေး လုပ်ငန်းများကို မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် လူမှုရေး အသင်းအဖွဲ့များ ပါဝင်သည့် ပူးပေါင်းအဖွဲ့တို့မှ ကျန်းမာရေးဌာနမှ တာဝန်ရှိသူများနှင့်အတူ ပူးပေါင်း၍ ဆေးထိုးအုပ်စုများခွဲကာ အုပ်စုအလိုက် ဆောင်ရွက်လျက်ရှိသည်။

ကသာမြို့နယ်၌ ယနေ့အထိတွင် COVID Shield ကာကွယ်ဆေးကို လူဦးရေပေါင်း (၃၇၆၆)ဦး၊ Sinopharm လူဦးရေပေါင်း(၂၁၈၄၀)ဦးနှင့် Sinovac ကာကွယ်ဆေးကို ကျောင်းသား၊ ကျောင်းသူပေါင်း(၃၃၄၈)ဦး၊ စုစုပေါင်း(၂၈၉၅၄)ဦးတို့ကို ဒုတိယအကြိမ်အထိ ကာကွယ်ဆေး ထိုးနှံပြီးဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ သိရသည်။

ခရိုင်(ပြန်/ဆက်)