ဧရာဝတီတိုင်းဒေသကြီး တောင်သူလယ်သမားနေ့အခမ်းအနားနှင့် ပတ်သက်သည့် စကားသံများ

ပုသိမ် ဖေဖော်ဝါရီ ၂၈

ဦးစိန်မောင်မြင့်

တိုင်းဒေသကြီးဦးစီးမှူး

တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန

ကျွန်တော်တို့စိုက်ပျိုးရေးဦးစီးဌာန အနေနဲ့ကတော့ တောင်သူလယ်သမားနေ့ အခမ်းအနားမှာ တောင်သူတွေ အသိပညာပေးနိုင်ဖို့ ဟင်းသီးဟင်းရွက်၊ သီးပင်စားပင်နဲ့ ပန်းမန်တွေကို စိုက်ပျိုးပြသပေးထားပါတယ်။ အခုလိုစိုက်ပျိုးပြထားခြင်းအားဖြင့် တောင်သူအတွေအနေနဲ့ တစ်နိုင်တစ်ပိုင် ဟင်းသီးဟင်းရွက်တွေ စိုက်ပျိုးခြင်းကြောင့် မိသားစုအပိုဝင်ငွေ ရရှိစေနိုင်တာကို သိရှိလိုစေတာ ဖြစ်ပါတယ်။ စိုက်ပျိုးရေးဦးစီးဌာနအနေနဲ့ မြေအသုံးချရေးပြခန်း၊ မျိုးစေ့ဌာနခွဲပြခန်း၊ ပိုးမွှားရောဂါနဲ့ ပတ်သက်တဲ့ဌာနခွဲပြခန်းဆိုပြီး ပြခန်း ၃ မျိုးကို ထည့်သွင်းပြသသွားမှာလည်း ဖြစ်ပါတယ်။ မြေအသုံးချရေးပြခန်းမှာဆိုရင် တောင်သူတွေကိုယ်တိုင် မြေဆီလွှာစစ်ဆေးလို့ရနိုင်တဲ့အထိ ဓာတ်ခွဲသေတ္တာတွေ စီမံပေးထားတယ်။ တောင်သူကိုယ်တိုင် ဝင်ရောက်ဓာတ်ခွဲပြီး မြေနမူနာ ဘယ်လိုယူရမယ်၊ မြေကိုဘယ်လိုဓာတ်ခွဲ စမ်းသပ်ရမယ်ဆိုတဲ့ သင်တန်းလေးကို စီမံဆောင်ရွက် ပေးထားပါတယ်။ အလားတူပဲ ပိုးမွှားရောဂါ ပြခန်းမှာဆိုရင်လည်း ဓာတုပိုးသတ်ဆေးတွေအစား ဇီဝပိုးသတ်ဆေးတွေ ဘယ်လိုအသုံးပြုရမယ်၊ ဖော်စပ်ပုံ ဖော်စပ်နည်းနည်းနဲ့ အသိပညာပေး လက်ကမ်းစာစောင်တွေကိုလည်း ဝေငှပေးသွားမှာဖြစ်ပါတယ်။ မျိုးစေ့ဌာနခွဲပြခန်းမှာဆိုရင်လည်း ဧရာဝတီတိုင်းဒေသကြီးအတွင်းမှာရှိတဲ့ မြို့နယ်တွေကထွက်ရှိတဲ့ မျိုးစေ့တွေကိုလည်း ပြသပေးသွားမှာဖြစ်ပါတယ်။ တောင်သူလယ်သမားနေ့ အခမ်းအနား ဖွင့်လှစ်ပြီးတဲ့အခါမှာ Talk Show တစ်ခုလုပ်ဖို့ စီစဉ်ထားပါတယ်၊ စိုက်ပျိုးရေး၊ မွေး/ကု၊ ငါးလုပ်ငန်း၊ စက်မှုလယ်ယာ၊ ကျေးလက်အစရှိတဲ့ ဌာနတွေနဲ့စုပေါင်းပြီးတော့ တောင်သူဘဝ ဖွံ့ဖြိုးဖို့၊ ခေတ်မီစိုက်ပျိုးမွေးမြူစို့ ဆိုတဲ့ခေါင်း စဉ်လေးနဲ့ တိုင်းအတွင်းမှာရှိတဲ့ တောင်သူတွေ ဝင်ငွေတိုးလာဖို့ ဘယ်လိုနည်းလမ်းတွေနဲ့ ဆောင်ရွက်ရမယ်ဆိုတဲ့ အသိပညာပေး အစီအစဉ် လေးကိုလည်း ထည့်သွင်းထားပါတယ်။ တောင်သူလယ်သမားနေ့ ကျင်းပတယ်ဆိုတာကတော့ တောင်သူတွေကို ဂုဏ်ပြုဖို့ ဆောင်ရွက်တာဖြစ်လို့ မည်သည့် တောင်သူမဆို လာရောက်လေ့လာလို့ ရပါတယ်၊ ကိုဗစ်ရောဂါ အကန့်အသတ်ကြောင့် ခရိုင်အလိုက် လေ့လာဖို့ကိုလည်း စီစဉ်ထားပါတယ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ လမ်းညွှန်မှုနဲ့ တောင်သူတွေကို ဂုဏ်ပြုတဲ့ပွဲ ပြုလုပ်ပေးခြင်းအားဖြင့် မိမိတို့လိုအပ်တဲ့ နည်းပညာတွေကို တောင်သူတွေ လေ့လာနိုင်တဲ့အတွက် များစွာကျေနပ်မိပါတယ်။

ဦးဝင်းမြင့်

ညွှန်ကြားရေးမှူး

တိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန

မတ်လ(၂)ရက်နေ့တွင်ကျရောက်မည့် တောင်သူလယ်သမားနေ့ အခမ်းအနားကို ကန်ကြီးထောင့်မြို့နယ်၊ ဝါးဒူးကျေးရွာအုပ်စုမှာ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ကိုဗစ်စည်းကမ်းချက်များနှင့်အညီ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမှာဖြစ်ပါတယ်။

ကျွန်တော်တို့ ဧရာဝတီတိုင်းဒေသကြီးဟာ မြန်မာနိုင်ငံရဲ့စပါးကျီ၊ နိုင်ငံ့စပါးကျီ ဧရာဝတီဖြစ်သည်နှင့်အညီ မိုးစပါး (၃၇.၅၇)သိန်း၊ နွေစပါး (၁၄)သိန်း၊ နှစ်စဉ်စပါး စုစုပေါင်း (၅၁.၅၇)သိန်းကျော် စိုက်ပျိုးလျက်ရှိပါတယ်။ လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနအနေနဲ့ လယ်ယာကဏ္ဍ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လယ်ယာကဏ္ဍနှင့် မြေအသုံးချမှုဆိုင်ရာ စာရင်းအင်း သတင်းအချက်အလက်များကို ပံ့ပိုးပေးလျက်ရှိပါတယ်။ ဧရာဝတီတိုင်းဒေသကြီးမှာ အသားတင်စိုက်ပျိုးမြေ (၄၈.၁၂)သိန်းရှိပြီး စုစုစိုက်ဧရိယာ (၈၁.၉၉)သိန်းကျော် စိုက်ပျိုးလုပ်ကိုင်လျက် ရှိပါတယ်။ အဓိကထားစိုက်ပျိုးသည့် စပါးသီးနှံအပြင် မတ်ပဲ၊ ပဲတီစိမ်းအပါအဝင် ပြည်ပပို့ကုန် ပဲမျိုးစုံ၊ ဆီထွက်သီးနှံ၊ စားဖိုဆောင်သီးနှံ၊ စက်မှုကုန်ကြမ်းသီးနှံ စသည်ဖြင့် သီးနှံအမယ်စုံ စိုက်ပျိုးလျက်ရှိပါတယ်။ တောင်သူများ ရာသီအလိုက် စိုက်ပျိုးကြသည့် သီးနှံစိုက်ဧကစာရင်းများ မှန်ကန်ဖို့၊ မကျန်ရှိဖို့၊ ထပ်ပြီးမပါသွားဖို့၊ အချိန်နှင့်တပြေးညီ တင်ပြနိုင်ဖို့အတွက် အောက်တိုးမြှင့်အဖွဲ့များမှကွင်းဆင်း ညှိနှိုင်းပေါင်းစပ် တင်ပြလျက်ရှိပါတယ်။ တောင်သူလယ်သမားများရဲ့ သားစဉ်မြေဆက် အဆက်ဆက် ဘဝအာမခံချက် ရရှိရေးအတွက် လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် (ပုံစံ-၇)များကိုလည်း သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် အတူပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိပါတယ်။ တောင်သူလယ်သမားများရဲ့အခွင့်အရေးများ ပြည့်ဝစွာရရှိခံစားနိုင်ရေး၊ တောင်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာစေရေး၊ ဧရာဝတီတိုင်းဒေသကြီး၏ လယ်ယာကဏ္ဍမှာ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများ တိုးလာစေရေးတို့အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အနီးကပ်ကြီးကြပ်မှုဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်။

ဒေါက်တာမိုးမိုးခိုင်

တိုင်းဒေသကြီးဦးစီးမှူး

မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန

ဒီနှစ်တောင်သူလယ်သမားနေ့ ပြခန်းမှာတော့‌ မွေးမြူသူတောင်သူတွေကို ပြောင်းလဲလာတဲ့ မွေးမြူရေးစနစ်တွေနဲ့အညီ မွေးမြူနိုင်တဲ့ ပညာပေးပြခန်းကို ပြသသွားမှာဖြစ်ပါတယ်၊ ပြောင်းလဲလာတဲ့ မွေးမြူရေးစနစ်နဲ့ဆိုရင် ကျေးလက်တောင်သူတွေ အဓိကထားပြီး မွေးမြူတဲ့ ကျွဲတွေ နွားတွေနဲ့ ပတ်သက်လာရင် ယခင်တုန်းက လွှတ်ကျောင်းတဲ့စနစ်ကို ဆောင်ရွက်ခဲ့ကြတယ်၊ အခုနောက်ပိုင်းကျတော့ မျိုးမြှင့်ထားတဲ့ တိရစ္ဆာန်တွေကို လွှတ်ကျောင်းပြီးတော့ မွေးမြူရုံနဲတင် မလုံလောက်တော့ဘူး၊ အဲ့ဒီအခါမှာ အာဟာရနဲ့ ပြည့်စုံတဲ့ တိရစ္ဆာန်အစာတွေကို စိုက်ပျိုးပြီးတဲ့အခါမှာ ခြံလှောင်မွေးမြူတဲ့စနစ်ကို ပြောင်းလဲကျင့်သုံးလာဖို့အတွက် ပညာပေးပြကွက်တွေ ပြသသွားမှာဖြစ်ပါတယ်၊ အထူးသဖြင့် တိရစ္ဆာန်တွေအတွက် အာဟရပြည့်ဝတဲ့ မြက်မျိုးတွေကို ကျွန်မတို့က ကိုယ်တိုင်စိုက်ပျိုးပြီးတဲ့အခါမှာ ကျွေးမွေးတတ်ဖို့အတွက် မြက်မျိုးလေးတွေကို နမူနာအနေနဲ့ တောင်သူတွေကို ပြသသွားပါမယ်၊ ဒါ့အပြင် မြက်မျိုးစေ့ကလေးတွေကိုလည်း တောင်သူတွေကို အခမဲ့ ပေးဝေသွားမှာ ဖြစ်ပါတယ်၊ တောက်သူလယ်သမားနေ့ အခမ်းအနားကို ကျင်းပပေးခြင်းအားဖြင့် တောင်သူတွေ အမှန်တကယ်လိုအပ်တဲ့ သတင်းအချက်လက်တွေကို တစ်နေရာထဲမှာ ရရှိနိုင်မယ်၊ တောင်သူတွေလိုအပ်တဲ့ အကူအညီတွေကို သက်ဆိုင်ရာဌာနတွေနဲ့ ဘယ်လိုဆက်စပ်ပြီး ယူရမယ်ဆိုတဲ့ သတင်းအချက်အလက်တွေကို မြန်မြန်ဆန်ဆန် သိရှိမှာ ဖြစ်ပါတယ်၊ တောင်သူလယ်သမားနေ့ အခမ်းအနားမှာ ဌာနအသီးသီးက ပြသထားတဲ့ ပြခန်းတွေကို ကြည့်ရှုလေ့လာပြီး မိမိတို့လိုအပ်တဲ့ အကူအညီတွေကို အချိန်နှင့်တပြေးညီ ရယူဆောင်ရွက်သွားကြပါလို့ တိုက်တွန်းလိုပါတယ်။

ဦးမန်းမိုး

တောင်သူ

ဝါးဒူးကျေးရွာ

ပထမဦးဆုံး ပြောကြားလိုတာကတော့ ကျွန်တော်တို့ရွာမှာ တောင်သူလယ်သမားနေ့အခမ်းအနားကို ကျင်းပတဲ့အတွက် ဝမ်းသာကြည်နူးမိသလို ကျွန်တော်တို့တောင်သူတွေဘဝ တိုးတက်မြင့်မားအောင် အလေးထားပြီး ဆောင်ရွက်ပေးတဲ့ တိုင်းဒေသကြီး အစိုးရအဖွဲ့ကိုလည်း ကျေးဇူးအထူး တင်ရှိပါတယ်၊ တောင်သူလယ်သမားနေ့အတွက် စိုက်ပျိုးရေးဦးစီးဌာနက သဘာဝပစ္စည်းတွေနဲ့ စိုက်ပျိုးထားတဲ့သီးပင် စားပင်နဲ့ သစ်ပင် ပန်းမန်တွေကို စိုက်ပျိုးပြသပေးထားတဲ့အတွက် တောင်သူတွေအနေနဲ့ နည်းပညာတွေ လေ့လာခွင့် ရရှိမှာဖြစ်သလို အဲ့ဒီနည်းပညာတွေကို ပြန်လည်အသုံးချမယ်ဆိုရင် ကျွန်တော်တို့ တောင်သူတွေအတွက် များစွာအကျိုးရှိမှာလည်း ဖြစ်ပါတယ်၊ ဒီပွဲမှာ ဌာနဆိုင်ရာပြခန်းတွေနဲ့ လယ်ယာသုံး စက်ကရိယာပြခန်းတွေကိုလည်း ထည့်သွင်းပြပေးသွားမယ်လို့ သိရပါတယ်၊ လယ်ယာသုံး စက်ကရိယာ ပြခန်းတွေပါတဲ့အတွက် မိမိလယ်ယာမြေမှာ အသုံးပြုဖို့ စက်ပစ္စည်းတွေကို လေ့လာဝယ်ယူနိုင်မှာဖြစ်ပြီး တောင်သူတွေအတွက် များစွာအကျိုးရှိမှာဖြစ်သလို စိုက်ပျိုးရေးနဲ့ပတ်သက်တဲ့ အသိပညာ ဗဟုသုတတွေလည်း များစွာရရှိနိုင်မှာဖြစ်ပါတယ်။

သတင်းနှင့်ဓာတ်ပုံ-လှမင်းထွဋ်(ပြန်/ဆက်)