ဟင်္သာတမြို့ သူနာပြုသင်တန်းကျောင်းတွင် သစ်လွင်သူနာပြုများ ခန့်အပ်လွှာပေးအပ်ပွဲကျင်းပ

ဟင်္သာတ ဖေဖော်ဝါရီ ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့တွင် ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ သူနာပြုသင်တန်းကျောင်းမှ သူနာပြု-သားဖွားဒီပလိုမာ (၃)နှစ် သင်တန်းအောင်မြင်ခဲ့ကြသော သင်တန်းသားများအား သစ်လွင်သူနာပြု ခန့်အပ်လွှာပေးအပ်ပွဲကို ယနေ့ နံနက် ၉ နာရီအချိန်က အဆိုပါ သင်တန်းကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ဟင်္သာတခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်သန်းဝင်းက တက်ရောက်အမှာစကား ပြောကြားခဲ့ပြီး သင်တန်းကျောင်းစီမံခန့်ခွဲရေးဥက္ကဋ္ဌ ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာ ဌေးဌေးလှိုင်က သင်တန်းဆင်း သူနာပြုမောင်မယ်တို့ကို သင်တန်းဆင်း အမှာစကား ပြောကြားကာ တက်ရောက်လာကြသော တာဝန်ရှိသူများက အောင်လက်မှတ်နှင့် အလုပ်ခန့်အပ်လွှာများကို အသီးသီးပေးအပ်ခဲ့ကြပြီး သင်တန်းဆင်းသူများ ကိုယ်စား မောင်ဖြိုးသူအောင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

ယနေ့ အခမ်းအနားတွင် ဟင်္သာတမြို့ရှိ သူနာပြုသင်တန်းကျောင်းမှ အပါတ်စဉ် (၁၈)ကြိမ် မြောက် သူနာပြု-သားဖွား ဒီပလိုမာ (၃)နှစ်သင်တန်းကို တက်ရောက်အောင်မြင်ခဲ့ကြသူ (၃၅)ဦး တို့အား သင်တန်းဆင်း အောင်လက်မှတ်နှင့် တကွ သစ်လွင်သူနာပြု ခန့်အပ်လွှာများကိုပါ တစ်ပါတည်း ပေးအပ်ချီးမြှင့်ခဲ့ခြင်းဖြစ် ကြောင်း သူနာပြုသင်တန်းကျောင်းအုပ်ကြီး ဒေါ်ဝေဝေလွင်ထံမှ သိရသည်။

ကိုဇော်- ဟင်္သာတ