ဘိုကလေးဒေသထွက် ငါးရံ့ငါးပိ ဈေးကွက်အတွင်း ဈေးကောင်းရရှိနေ

ဘိုကလေး ဖေဖော်ဝါရီ ၂၈

မြန်မာလူမျိုးတို့၏ ထမင်းဝိုင်းများတွင် မပါမဖြစ် စားသုံးကြသည့် ငါးပိသည် မြစ်ဝကျွန်းပေါ် ဒေသများနှင့် ပင်လယ်ကမ်းရိုးတမ်းဒေသများတွင် ပေါများစွာ ထွက်ရှိလေ့ရှိရာ မြစ်ဝကျွန်းပေါ် ဒေသတစ်ခုဖြစ်သည့် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်မှ ထွက်ရှိသည့် ငါးပိအမျိုးအစားများစွာထဲမှ ငါးရံ့ငါးပိသည် ဈေးကွက်အတွင်းဈေးကောင်းရရှိလျက်ရှိပြီး ဝယ်လိုအား အင်မတန်ကောင်းသည့် ထုတ်ကုန်ပစ္စည်းတစ်ခုအနေဖြင့် ရပ်တည်လျက်ရှိသည်။ ဘိုကလေးမြို့နယ်တွင် ငါးရံ့ငါးပိကို ရေကျိုငါးပိနှင့် ငါးရံ့ငါးပိကောင်ဟူ၍ (၂)မျိုး ပြုလုပ်လေ့ရှိပြီး ဈေးကွက်အတွင်း ရောင်းချမှုအားကောင်းမှုနှင့် လူကြိုက်များလေ့ရှိသည်မှာ ငါးရံ့ရေကျိုငါးပိဖြစ်ရာ ၎င်းရေကျိုငါးပိအား ငါးပိကြော်အဖြစ်လည်းကောင်း၊ ငပိချက်အဖြစ် လည်းကောင်း၊ ဟင်းခပ်အဖြစ်သော်လည်းကောင်း အမျိုးမျိုးစားသုံးလေ့ရှိကြသည်။

ငါးရံ့ငါးပိပြုလုပ်ရန် ငါးရံ့ကောင်များကို ရေချိုအရပ်များဖြစ်သည့် အင်း၊အိုင်၊ ချောင်း၊ မြောင်းများ၊ လယ်ကွင်းများထဲမှ ရရှိလေ့ရှိပြီး နှစ်ဆယ်သား၊ နှစ်ဆယ့်ငါးကျပ်သားရှိသည့် အကောင်များကို ရေကျိုငါးပိပြုလုပ်လေ့ရှိကြောင်းနှင့် အရွယ်အစားကြီးမားသည့် ငါးများအား ငါးပိကောင်အဖြစ် ပြုလုပ်လေ့ရှိကြောင်း ငါးရံ့ငါးပိပြုလုပ်သူတစ်ဦးထံမှ သိရသည်။

ငါးရံ့ငါးပိပြုလုပ်သူများသည် ငါးရံ့ပေါများချိန် ဆောင်းဦးကာလခန့်က တစ်ပိဿာလျှင် (၅၀၀၀) ကျပ်နှုန်းဖြင့် ဝယ်ယူ၍ ငါးပိပြုလုပ်ထားရှိခဲ့ပြီး ယခုအချိန်၌ ဈေးကွက်အတွင်း ငါးရံ့ရေကျိုငါးပိ တစ်ပိဿာလျှင်(၁၅၀၀၀)ကျပ်နှုန်းနှင့် ငါးပိကောင်(၁)ပိဿာလျှင် (၁၀၀၀၀) ကျပ်နှုန်းအထိ ဈေးကွက်အတွင်း ဈေးကောင်းရရှိလျက်ရှိကြောင်းနှင့် မြန်မာလူမျိုး များ၏ ထမင်းဝိုင်းများတွင် ထမင်းကို အသား၊ငါး၊ ဟင်းကျွေး ဟင်းလျာဖြင့် တွဲဖက်၍ စားသောက် ရသည့်တိုင်အောင် ငါးပိ၊ တို့စရာ မပါရှိပါက တင်းတိမ်ကျေနပ်မှု မရှိကြသဖြင့် အခြား ငါးပိများထက် အနံ့၊ အရသာ လွန်စွာကောင်းမွန်ပြီး အာဟာရမျှတလှသည့် ငါးရံ့ငါးပိမှာ ဈေးကွက်အတွင်း၌ ဝယ်လိုအား၊ရောင်းလိုအား ကျဆင်းသွားမှုမရှိဘဲ ဈေးကွက်အတွင်း ခိုင်မာစွာ ရပ်တည်နိုင်သည့် ကုန်ပစ္စည်း တစ်ခုဖြစ်ကြောင်း ငါးပိပြုလုပ်သူများနှင့် ငါးပိကုန်သည်များထံမှ သိရသည်။

မိုးစက် (ဘိုကလေး)