ထားဝယ် ဖေဖော်ဝါရီ ၂၈
တနင်္သာရီတိုင်းဒေသကြီး မေတ္တာမြို့တွင် ကိုဗစ်-၁၉ ရောဂါပိုး မျိုးရိုးဗီဇအသစ် အိုမီခရွန်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ယနေ့နံနက်ပိုင်းက မေတ္တာမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့နှင့် ကြက်ခြေနီသူနာပြုတပ်ဖွဲ့များ ပူးပေါင်း၍ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထို့သို့ ပူးပေါင်းအဖွဲ့များက စျေး၊ နေအိမ်များရှိဒေသခံပြည်သူများနှင့် သွားလာလျက်ရှိသော အများပြည်သူများအား နှာခေါင်းစည်း Μask တပ်စေလိုသောအားဖြင့် နှာခေါင်းစည်း Μask များ ဖြန့်ဝေပေးခြင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု မဖြစ်စေရန် ဆောင်ရန်/ ရှောင်ရန် အချက်များပါရှိသည့် လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပေးခဲ့သည်။
ထို့နောက် ပြည်သူများအနေဖြင့် နေအိမ် ပြင်ပထွက်ခွာပါက နှာခေါင်းစည်း Μask စနစ်တကျ တပ်ဆင်ပြီးမှ သွားလာကြရန်၊ တစ်ဦးနှင့်တစ်ဦး (၆) ပေအကွာမှ နေထိုင်ကြရန်၊ လက်ကိုစက္ကန့် ၂၀ အကြာ မကြာခဏဆေးကြောပေးရန်၊ နေအိမ် ရှိအသက်(၆၀)နှစ်အထက်အသက်ရွယ် ကြီးရင့်သူများ၊ သွေးတိုး၊ ဆီးချို၊ နှလုံးနှင့် နာတာရှည်ရောဂါ အခံရှိသူများ နှင့်အနီးကပ်နေထိုင်ခြင်း အတူစားသောက်ခြင်းမှ ရှောင်ကျဉ်ရန်၊ ပါးစပ် နှာခေါင်းစည်း မတပ်ဆင်ထားသော စျေးရောင်း ချသူများထံမှစျေးမဝယ်ကြရန်၊ ကိုဗစ်-၁၉ ရောဂါသံသယလက္ခဏာများ ပေါ်ပေါက်လာပါက နီးစပ်ရာကျန်းမာရေးဌာနသို့ ချက်ချင်းအကြောင်းကြား၍ ဆေးကုသမှုခံယူပါရန်နှင့် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသောကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမဖြစ်စေရေး အသိ ပညာပေး လုပ်ငန်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ရွှေပင်လယ်(ထားဝယ်)