ငပုတော ဖေဖော်ဝါရီ ၂၈
ဧရာဝတီတိုင်းဒေသကြီး ၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တွင် မြို့နယ်ကြက်ခြေနီအသင်းခွဲမှ တပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက မြို့ပေါ်ရပ်ကွက်များအတွင်းရှိ လူစည်ကားသည့်နေရာများတွင် ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေး အသိပညာပေးခြင်းနှင့် ပါးစပ်နှာခေါင်းစည်း မဖြစ်မနေတပ်ဆင်ရေး Mask Campaign အရှိန်မြှင့် ဆောင်ရွက်ခြင်းကို ယမန်နေ့က ပြုလုပ်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဦးစိုးတင့်၏ ဦးဆောင်မှုဖြင့် ကြက်ခြေနီတပ်ဖွဲ့မှုး ဦးသန့်ဇင် ကြီးကြပ်၍ တပ်ဖွဲ့ဝင်(၄၂)ဦးတို့က ရပ်ကွက်အတွင်းရှိ လူစည်ကားသည့် နေရာများဖြစ်သည့် မြို့အဝင်ဂိတ်၊ ရန်ကုန်-ငပုတော အဝေးပြေးကားဂိတ်၊ သွားလာလှူပ်ရှားနေကြသည့် မော်တော်ယာဉ်များ၊ ဆိုင်ကယ်များ၊ ခရီးသွားလာနေကြသည့် ပြည်သူများ၊ ငပုတောမြို့မဈေးအတွင်းရှိ ဈေးရောင်းဈေးဝယ်ပြည်သူများအား အိုမီခရွန်အပါအဝင် ကိုဗစ်-၁၉ ရောဂါကာကွယ်နိုင်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ နေထိုင်ရေး၊ နေအိမ်ပြင်ပထွက်ခွာပါက ပါးစပ်နှင့်နှာခေါင်းစည်း Mask ကို စနစ်တကျ တပ်ဆင် သွားလာကြရေး၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံမှုများကို အကြိမ်ပြည့် မပျက်မကွက် ထိုးနှံကြရေးစသည်တို့ကို အသိပညာပေး ပြောကြားပြီး နှာခေါင်းစည်း Mask အရေအတွက် (၈၀၀၀) ခုအား အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
နုနုအေး(ပြန်/ဆက်)