ဆင်ပေါင်ဝဲမြို့နယ်ခန်းမ၌ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ဆင်ပေါင်ဝဲ ဖေဖော်ဝါရီ ၂၈

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် ခန်းမတွင် ယနေ့နံနက်(၁၀)နာရီ အချိန်က ဌာနဆိုင်ရာများ၊ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူများ၊ စာ‌ရေးများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်ဦးက နယ်မြေလုံခြုံရေး၊ ရပ်ရွာအေးချမ်းသာယာရေးကို အထူးဂရုစိုက်ကြရန်၊ ထူးခြားဖြစ်စဉ် သတင်းများရှိပါက ချက်ခြင်းသတင်းပို့ရန်၊ ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်သည့်အတွက် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ် ရေးလုပ်ငန်းများအား အထူးအလေးထားဆောင်ရွက်ရန်၊ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်‌ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများအား အထူးအလေးထား ဆောင်ရွက်ရန်၊ မိမိရပ်ကွက်/ ကျေးရွာအုပ်စုများတွင် လိုအပ်သည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား တင်ပြကြရန်၊ စိုက်ပျိုးစရိတ်ချေးငွေများအား ပြေကျေစွာပေးဆပ်နိုင်ရေး အထူးအလေးထား ဆောင်ရွက်ရန်တို့ကို ပြောကြားခဲ့သည်။

ထို့နောက်အစည်းအဝေးသို့တက်ရောက်လာသော ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများမှ ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား တင်ပြခဲ့ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ လိုအပ်သည်များအား ပြန်လည်ဆွေးနွေးခဲ့ကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရှိရသည်။

နိုင်လင်း(မြို့နယ်ပြန်/ဆက်)