မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင် မကွေးမြို့နယ် တပ်ကုန်းကျေးရွာ စိုက်ပျိုးရေ ရရှိရေး ကြာငုံဖူးဆိုလာရေတင် စီမံကိန်း(၂၀၀)ဧကသို့ စစ်ဆေး

မကွေး ဖေဖော်ဝါရီ  ၂၈

မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်သည် လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်လင်း၊ လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်၊ အတွင်းရေးမှူး ဦးဝင်းရှိန်တို့နှင့်အတူ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါကာ ယမန်နေ့ နံနက်ပိုင်းက မကွေးမြို့နယ် တပ်ကုန်းကျေးရွာ စိုက်ပျိုးရေရရှိရေးအတွက် ကြာငုံဖူး ဆိုလာရေတင် စီမံကိန်း(၂၀၀)ဧကသို့  ကွင်းဆင်းကြည့်ရှု စစ်ဆေးသည်။

ထိုကျေးရွာသို့ ရောက်ရှိစဉ် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့အား တိုင်းဒေသကြီး ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်ဦးက မကွေးမြို့နယ် တပ်ကုန်းကျေးရွာ စိုက်ပျိုးရေရရှိရေးအတွက် ကြာငုံဖူး ဆိုလာရေတင် စီမံကိန်းဆိုင်ရာ(၂၀၀)ဧကနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြရာ၊  စီမံကိန်းဆိုင်ရာ ရှင်းလင်း တင်ပြခဲ့မှုအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ကျေးရွာရှိစိုက်ပျိုးမြေဧက(၂၀၀)ခန့်အား တနှစ်လျှင်(၃)သီး စိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် လိုအပ်သော စိုက်ပျိုးရေကို ယင်းချောင်းမှရယူကာ  လျှပ်စစ်ရေတင်စနစ် ဆောင်ရွက်ပေးရေးနှင့် အခြားလိုအပ်ချက်များ အား ဖြည့်ဆည်းညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ဒေသခံတောင်သူများနှင့် တွေ့ဆုံ၍ မြန်မာ နိုင်ငံအနေဖြင့် စိုက်ပျိုးရေးကိုအခြေခံ၍ စျေးကွက်စီးပွားရေးစနစ်ကို ဖော်ဆောင်နေသည့် နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း၊ နိုင်ငံလူဦးရေ၏ (၇၀)ရာခိုင်နှုန်းမှာ ကျေးလက်နေ ပြည်သူများဖြစ်ပြီး စိုက်ပျိုးရေးကို အဓိကထား လုပ်ကိုင်ဆောင်ရွက်ကြကြောင်း၊ နိုင်ငံဖွံ့ဖြိုး တိုးတက်ဖို့အတွက် ကျေးလက်နေ ပြည်သူများ၏  လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရန် လိုအပ်သလို ကျေးလက်နေ ပြည်သူများ၏ဘဝ ဖွံ့ဖြိုးတိုးတက်ရေးမှာ စိုက်ပျိုးထုတ်လုပ်မှု ကဏ္ဍ အောင်မြင်ဖြစ်ထွန်းရန် အဓိကလိုအပ်ပါကြောင်း၊ ယခုလည်း ဒေသခံတောင်သူများ အနေဖြင့် ရာသီမရွေးစိုက်ပျိုးရေရရှိပြီး သီးနှံများအချိန်မီ စိုက်ပျိုးနိုင်ဖို့ တပ်ကုန်း ကျေးရွာ မြောက်ဘက်ရှိ  ရာသီမရွေး စီးဆင်းလျက်ရှိတဲ့ ယင်းချောင်းနဲ့ ထိစပ်လျက်ရှိသည့် ကြာငုံဖူး ကွင်းဧက(၂၀၀)ခန့်အား မြင်ကွန်းလျှပ်စစ်မြစ်ရေတင်ကဲ့သို့ လျှပ်စစ်ရေတင် တစ်ခု ဆောင်ရွက်ပေး ခြင်းဖြစ်ကြောင်း၊ တပ်ကုန်းကျေးရွာ ကြာဖူးငုံ ဆိုလာရေတင်စနစ် ဆောင်ရွက်ပြီးပါက မိုးရာသီမှာ စပါး၊ မိုးနှမ်းနှင့် ဝါသီးနှံများ၊ဆောင်းသီးနှံရာသီမှာ ကုလားပဲ၊ မတ်ပဲသီးနှံများနှင့် နွေရာသီမှာ စပါး၊ ပဲတီစိမ်း နှမ်းတို့ကို (၁)နှစ်လျှင်(၃)သီး စိုက်ပျိုးလာနိုင်မည် ဖြစ်ပါကြောင်း၊ သီးနှံပင်၏ လိုအပ်တဲ့ရေပမာဏကို ချိန်ကိုက်ပေးဝေ နိုင်မှာ ဖြစ်သည့်အတွက် သီးနှံအထွက်နှုန်းမြင့်မားလာကာ ကုန်ကျစရိတ်နှင့် ဝင်ငွေရရှိမှု နှိုင်းယှဉ်ပါက အကျိုးအမြတ် များပြားမည်ဖြစ်ကြောင်း စသည်ဖြင့် ပြောကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့အား ဒေသခံပြည်သူများမှ မိမိတို့ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများနှင့်ပတ်သက်၍ အသီးသီးတင်ပြဆောင်ရွက်ရာ ဒေသခံများ၏ တင်ပြချက်များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။

တပ်ကုန်းကျေးရွာသည် မကွေးမြို့မှ မိုင်(၂၀)ခန့်အကွာတွင် တည်ရှိပြီး အိမ်ထောင်စု(၂၁၈)စု၊ လူဦးရေ(၇၅၉)ဦးရှိပြီး၊ စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်ကြကြောင်း၊ကျေးရွာ၏ စိုက်ပျိုးနိုင်သော မြေဧရိယာမှာဧက(၉၀၀)ခန့်ရှိပြီး အခြားသီးနှံများကိုသာ စိုက်ပျိုးလျက် ရှိသော  မိုးကောင်းသောက် ယာမြေများဖြစ်ကာ၊ အဆိုပါကျေးရွာ ကြာဖူးငုံ ဆိုလာရေတင်စနစ် ဆောင်ရွက်ပြီးပါက စိုက်ပျိုးမြေဧက (၂၀၀)ခန့်အား ရေတင်ဆောင်ရွက် ပေးဝေနိုင်မည်ဖြစ်ကြောင်း သိရသည်။

မောင်ညီညာ