ဆိပ်ဖြူ ဖေဖော်ဝါရီ ၂၇
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် ထိုင်ဝမ်ခရမ်းချဉ်သီးမျိုး တစ်ပိုင်တစ်နိုင် စိုက်ပျိုး ထုတ်လုပ်မှုသည် အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး တောင်သူများ ဈေးကောင်းရရှိရန် မျှော်လင့်ကြောင်း သိရသည်။
ဆိပ်ဖြူမြို့နယ်တွင် ထိုင်ဝမ်ခရမ်းချဉ်သီး တိုင်ထောင်မျိုးများကို ဒေသခံပြည်သူများရာသီမရွေး စားသုံးနိုင်ရန်နှင့် မိသားစုဝင်ငွေတိုးပွားစေရန် စိုက်ပျိုးရေး ဆောင်ရွက်သူများက တစ်ပိုင်တစ်နိုင် ထုတ်လုပ်ရောင်းချလျှက်ရှိသည်။ လက်ရှိဈေးကွက်အတွင်းသို့ ခရမ်းချဉ်သီး တစ်ပိဿာလျှင် ဖောက်သည်ဈေး ၃၀၀ ကျပ်မှ၊ ၃၅၀ ကျပ်အထိသာ ရောင်းချနေရပြီး လက်လီဝယ်ယူ စားသုံးသူများ အနေဖြင့် ၄၀၀ ကျပ်မှ ၅၀ဝကျပ် ဝန်းကျင်ဖြင့် ဝယ်ယူစားသုံးလျက်ရှိကြောင်း၊ ခရမ်းချဉ်သီးကို ကိုင်းစိုက်ခင်း၊ ကုန်းစိုက်ခင်းများမှ ထွက်ကုန်များလာခြင်းကြောင့် ဈေးကွက်အတွင်းသို့ လှိုင်လှိုင် ဝင်လာသည့်အတွက် ဈေးနှုန်းကျဆင်းလာသလို၊ မိုးနှောင်းကာလ၌ မိုးရွာသွန်းမှုများကာ ထိုင်ဝမ် ခရမ်းချဉ် တိုင်ထောင်မျိုး စိုက်ခင်းအတွင်း ရေဝင်ရောက်မှုများ၍ ထိခိုက်ပျက်စီးမှုများ ကြုံခဲ့သဖြင့် စားသုံးသူများ ခရမ်းချဉ်သီးတစ်ပိဿာလျှင် ၃၀၀၀ ကျပ်အထိပေး၍ ဝယ်ယူစားသုံးခဲ့ရကြောင်း သိရှိရသည်။
ထိုင်ဝမ်ခရမ်းချဉ် တိုင်ထောင်မျိုးများစိုက်ပျိုးမှုနှင့် ပတ်သက်၍ ယခင်က ခရမ်းချဉ်ကို ဆောင်းကာလအတွင်း၌သာ ဒေသမျိုးကို စိုက်ပျိုးကြပြီး မိုးတွင်းကာလနှင့် နွေရာသီကာလများတွင် ခရမ်းချဉ်သီးရှားပါးကြောင်း၊ ယခင်ကဆိုလျှင် ခရမ်းချဉ်သီးအစား မိမိဒေသထွက် ဇီးသီးနှင့် မကျီးသီးမှည့်တို့ဖြင့် နေ့စဉ်စားသောက်ဖွယ် ဟင်းများချက်ပြုတ်ရာတွင် ဟင်းအနှစ်ရရှိရန် ထည့်သွင်း ချက်ပြုတ်စားသောက်ခဲ့ရကြောင်း၊ ယခု ထိုင်ဝမ်ခရမ်းချဉ်စိုက်ပျိုးမှုကို လွန်ခဲ့သော ဆယ်နှစ်ဝန်းကျင်ခန့်မှ တောင်သူအချင်းချင်းချိတ်ဆက် နည်းပညာရယူလေ့လာ၍ မြေအောက်ရေ အသုံးပြုကာ ရာသီမရွေးစတင်စိုက်ပျိုးနိုင်ခဲ့ကြောင်း၊ လက်ရှိတွင်နွေရာသီအတွက် ထိုင်ဝမ် ခရမ်းချဉ်သီး ထုတ်လုပ်ရောင်းချနိုင်ရေး တစ်ပိုင်တစ်နိုင် စိုက်ပျိုးဆောင်ရွက်ထားပြီး အောင်မြင် ဖြစ်ထွန်းလျက်ရှိကြောင်း၊ ထိုင်ဝမ်ခရမ်းချဉ်စိုက်ပျိုးရေးအနေဖြင့် သွင်းအားစုကို ကုန်ကျစရိတ် အနေဖြင့် ဝါး၊ တိုင်၊ မြေဩဇာ၊ ရေတင်စက်သုံးဆီ၊ မျိုးဖိုးစသည်ဖြင့် စိုက်ပျိုးမြေပြင်ချိန်မှ စတင် ခူးဆွတ်သည့်အချိန်အထိ နှစ်သိန်းခွဲကျပ်ဝန်းကျင်ထိ ကုန်ကျသလို ယခုနှစ်မှာ မျိုးဈေး၊ စက်သုံးဆီဈေး၊ မြေဩဇာဈေး မြင့်တက်မှုများရှိသည့်အတွက် ယခင်စိုက်ပျိုးမှုများထက် သွင်းအားစု စရိတ်ပိုကြောင်း၊ ခရမ်းချဉ် အပင်ရေ(၁၅၀၀) တစ်ပိုင်တစ်နိုင် စိုက်ပျိုးထားသည့်အတွက် ကုန်ချိန် (၁၀၀၀)ထွက်ရှိရန် စိုက်ပျိုးဆောင်ရွက်ခဲ့ကြောင်း ဈေးကွက်အတွင်း ဖောက်သည်ဈေး အနိမ့်ဆုံး (၄၀၀)ကျပ် တင်ပို့နိုင်လျှင် စိုက်ပျိုးတောင်သူများ အဆင်ပြေမှုရှိသလို စားသုံးသူများ ဝယ်ယူ စားသောက်ရာတွင်လည်း အဆင်ပြေပြီး ဖောက်သည်ဈေး(၄၀၀)ကျပ် အောက်ေလျာ့ကျသွားလျှင် စိုက်ပျိုးသူတောင်သူများ အရှုံးပေါ်နိုင်ကြောင်း ခရမ်းချဉ်စိုက်ပျိုးသူ ဦးခင်မောင်ရင်ထံ၏ ပြောကြားချက်အရ သိရသည်။
စိုးလင်းနိုင်(IPRD)