ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် ဌာနဆိုင်ရာ အကြီးအကဲများနှင့် တွေ့ဆုံ

သာယာဝတီ ဖေဖော်ဝါရီ ၂၇

ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးတင်ဦးသည် သာယာဝတီမြို့နယ် အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက် နိုင်ရန်အတွက် ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် တွေ့ဆုံပွဲကို ယနေ့ နံနက် ၉ နာရီက ဆရာစံ ခန်းမ၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးတင်ဦးက လက်ရှိနိုင်ငံအတွင်း ဖြစ်ပေါ် နေသော ပကတိအခြေအနေများ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဆောင်ရွက်ခဲ့သော ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများကို ရှင်းလင်းပြောကြားပြီး

သာယာဝတီမြို့နယ်အတွင်း ဆက်လက်ဆောင်ရွက်ရမည့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ၊ မြို့သန့်ရှင်း သာယာလှပရေးနှင့် သောက်သုံးရေရရှိရေး လုပ်ငန်းများကို ရှင်းလင်း ပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာသော ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများမှ ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများဖြစ်သော မြို့ရေရရှိရေး လုပ်ငန်းများ၊ ခရိုင်ပြည်သူ့ဆေးရုံကြီး၌ လိုအပ်လျက်ရှိသော မေ့ဆေးဆရာဝန် ခန့်ထားပေးနိုင်ရေး လုပ်ငန်းများနှင့် ပတ်သက်၍ တင်ပြ ဆွေးနွေးခဲ့ကြရာ ဝန်ကြီးမှ ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။

ဆက်လက်ပြီး ဝန်ကြီးနှင့်အဖွဲ့သည် ဆရာစံပန်းခြံပြုပြင် ပြီးစီးမှုအခြေအနေများ၊ မြို့မစျေး သန့်ရှင်းသာယာလှပရေးအတွက် ဆောင်ရွက်ရမည့် အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့သည်။

အဆိုပါ တွေ့ဆုံပွဲသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးလူနှင့် အဖွဲ့ဝင်များ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းဟိုနှင့်အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ် အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သန့်ဇော်(သာယာဝတီ)