ဒေသခံပြည်သူများ လူမှုဘဝ ဖွံ့ဖြိုးစေရန် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းဆောင်ရွက်ပေး

ပွင့်ဖြူ          ဖေဖော်ဝါရီ        ၂၇

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ် သရက်တောကျေးရွာအုပ်စုအတွင်းရှိ ဒေသခံပြည်သူများ လူမှုဘဝ ဖွံ့ဖြိုးစေရေးအတွက် ရည်ရွယ်၍ ဖေဖော်ဝါရီ ၂၇ ရက် ၊ နံနက် ၉ နာရီခွဲက  မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးညွန့်ဝင်းထူး ဦးဆောင်သော ဝန်ထမ်းများအဖွဲ့က ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား အခမဲ့ကွင်းဆင်းဆောင် ရွက်ပေးခဲ့ကြသည်။          

ထိုသို့ ကျေးရွာနေပြည်သူများကို ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်း ဆောင်ရွက်ပေးရာတွင် မြို့နယ်ဦးစီးမှူး ဦးညွန့်ဝင်းထူး က ပြည်သူလူထု လူမှုဘဝ ဖွံ့ဖြိုးစေရေးအတွက် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးပြား ပြုလုပ်ပေးရခြင်း၏ ရည်ရွယ်ချက်နှင့်နိုင်ငံသား စိစစ်ရေးကတ်ပြား ပြုလုပ်ရာတွင်ယူဆောင်လာရမည့် အထောက်အထားများ ၊ မပျောက်ပျက်အောင် စနစ်တကျ ကိုင်တွယ်ထိန်းသိမ်းရမည့် အချက်များကို အသိပညာပေး ရှင်းလင်းဆွေးနွေး ပြောကြား သည်။

ထို့နောက် မြို့နယ်ဦးစီးမှူးနှင့်  ဝန်ထမ်းများက သရက်တောကျေးရွာအုပ်စုအတွင်းရှိ နိုင်ငံသားစိစစ်ရေး ကတ်ပြား လာရောက်ပြုလုပ်ကြသည့် ဒေသခံပြည်သူများကို အထောက်အထားများ စိစစ်ကာ ပန်းခင်းစီမံချက်ဖြင့်  အခမဲ့ ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြပြီး အိမ်ထောင်စုလူဦးရေစာရင်းတွင် မွေးတိုး စာရင်း ဖြည့်သွင်းခြင်း ၊ သေဆုံးစာရင်း ပယ်ဖျက်ခြင်းတို့ကိုလည်း ဆောင်ရွက်ပေးခဲ့ကြောင်း  သိရသည်။   

 ရဲဝင်းနိုင် ( ညောင်ဦး )