ရွှေသောင်ယံ ဖေဖေါ်ဝါရီ ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ ကျောက်မောင်နှမကမ်းခြေတွင် ယခု စနေ၊ တနင်္ဂနွေနေ့ရုံးပိတ်ရက်များ၌ အပန်းဖြေဧည့်သည်များဖြင့် စည်ကားလျက်ရှိသည်ကို တွေ့ရသည်။
ကျောက်မောင်နှမကမ်းခြေသည် ချောင်းသာကမ်းခြေနှင့် နီးစပ်လျက်ရှိပြီး ချောင်းသာ၊ ရွှေသောင်ယံ ကားလမ်းဘေး၌ တည်ရှိကာ ချောင်းသာ၊ရွှေသောင်ယံသို့ လာရောက်အပန်းဖြေကြသော ဧည့်သည်များမဖြစ်မနေ ဝင်ရောက်လည်ပတ်ကြသည့် ကမ်းခြေတစ်ခုဖြစ်သည်။ အဆိုပါကမ်းခြေသည် ကျောက်မောင်နှမမှ ကျောက်ထရံစေတီတော်ထိအလျှားဆန့်လျှင် ပေ(၁၂၀၀) သာ ရှည်လျှားပြီး၊ ရုံးပိတ်ရက်၊ ကျောင်းပိတ်ရက်များနှင့် နေ့ထူးနေ့မြတ်ပွဲတော်ရက်များတွင် စည်ကားသောနေရာ တစ်ခုဖြစ်သည်။ ကမ်းခြေတွင် လည်ပတ်စရာနေရာများမှာ ကျောက်မောင်နှမ စေတီတော်နှင့် မောင်၊နှမသဏ္ဍာန် ကျောက်ဆောင်နှစ်ခု၊ ကျောက်ထရံစေတီတော်တို့ တည်ရှိပြီး ကမ်းခြေ တစ်လျှောက်ရေကူးအပန်းဖြေ၍ ရသောနေရာတစ်ခုဖြစ်သည်။ ကမ်းခြေတွင် ဧည်သည်များအတွက် မြင်းငှားသမားများ၊ သုံးဘီးဆိုင်ကယ် အငှားသမားများရှိပြီး ဒေသထွက်အုန်းရည်နှင့် ပင်လယ် အစားအစာမျိုးစုံကို လည်းဝယ်ယူစားသုံး၍ ရနိုင်သဖြင့် လာရောက် လည်ပတ်ကြသော ဧည့်သည် များအတွက် စိတ်ရွှင်လန်းစေမည့် အပန်းဖြေကမ်းခြေတစ်ခုဖြစ်သည်။
ရွှေသောင်ယံ(ပြန်/ဆက်)