ခါမ်းပါတ် ဖေဖော်ဝါရီ ၂၇
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ ခါမ်းပါတ်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက် Facebook Page မှ အွန်လိုင်းအသိပညာပေး အစီအစဉ်များကို ပုံမှန်တင်ဆက်ပေးလျက်ရှိကြောင်း သိရသည်။
"အဓိကကတော့ စာဖတ်စေချင်တာပါ၊ သည်တော့ လူတိုင်းကိုင်ဆောင်အသုံးပြုနေကြတဲ့ ဟန်းဖုန်းလေးတွေကနေတဆင့် ကျွန်တော်တို့ရဲ့ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေကို ပြည်သူတွေသိရှိအောင် ဆောင်ရွက်ခြင်းဖြစ်ပါတယ်" ဟု ခါမ်းပါတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဦးအောင်နိုင်ဝင်းထံမှ သိရသည်။
"ကျွန်တော်တို့ စာအုပ်မိတ်ဆက်တယ်ဆိုတဲ့နေရာမှာလည်း ဒါကြည့်ရှုသူတွေ စိတ်ပါဝင်စားအောင်ရယ် နောက်ကြည့်လိုက် ရသလောက် အကျိုးရှိအောင်ရယ်ဆိုပြီးတော့ ကောင်းနိုးရာရာ စာအုပ်လေးတွေကို ရွေးချယ်မိတ်ဆက်ပေးနေသလို အဲသည်ထဲကမှ သိရှိလိုက်နာသင့်တဲ့ အချက်အလက်လေးတွေကို စကားပြောသက်သက်မဟုတ်ဘဲ ဗွီဒီယိုဖိုင်လေးတွေလုပ်ပြီး စာတန်းထိုးပေးတဲ့ အခြေအနေလေးတွေအထိ လုပ်ဆောင်နေပါတယ်" ဟု ဆက်ပြောပါသည်။
အဆိုပါအွန်လိုင်း အသိပညာပေးအစီအစဥ်တွင် ကလေးများအတွက် ပုံပြောခြင်း၊ ကဗျာရွက်ဆိုခြင်းများအပါအဝင် စာအုပ် မိတ်ဆက်ခြင်းနှင့် အခြားဗဟုသုတရဖွယ် စာစုလေးများကိုပါ လွင့်တင်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ခါမ်းပါတ်မြို့ ပြည်သူ့စာကြည့်တိုက်အနေဖြင့် ပြည်သူများ စာပေပိုမိုဖတ်ရှုလာစေရေးနှင့် စိတ်ဝင်စားမှုရှိစေရေးတို့အတွက် စာဖတ် ဝိုင်းများ ဆောက်ရွက်ပေးလျက်ရှိပြီး စာအုပ်စာစောင် ပြပွဲများလည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သားငယ် (ခါမ်းပါတ်)