မင်းဘူး ဖေဖော်ဝါရီ ၂၇
မြန်မာနိုင်ငံတွင် ရုပ်စုံကျောင်းပေါင်းများစွာရှိသည့်အနက် စကုမြို့ရှိ ကန်ဦးရုပ်စုံကျောင်း၊ သုံးထပ်ရုပ်စုံကျောင်း၊ မှန်ကင်းရုပ်စုံကျောင်းများမှာ ထင်ရှားလျက်ရှိပြီး အနယ်နယ်အရပ်ရပ်မှ ခရီးသွားပြည်သူများ ဝင်ထွက်လေ့လာလျက်ရှိကြသည်။
စကုမြို့သည် မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင်အတွင်းတည်ရှိပြီး မင်းဘူးမြို့မြောက်ဘက် ၁၀ မိုင်၊ ပွင့်ဖြူမြို့ တောင်ဘက် ၁၃ မိုင်အကွာတွင်တည်ရှိကာ နရပတိစည်သူမင်းက သက္ကရာဇ် ၁၂၀ ခုနှစ်တွင် လူ ၄၀၀၊ မြို့တံခါး ၉ ပေါက်ဖြင့် တည်ထားကြောင်း သိရသည်။ ရှေးအခါက ကျေးငှက်ပေါများရာ အရပ်ဖြစ်၍ သကုနအရပ်ဟု ခေါ်တွင်ရာကနေ စကုမြို့ရယ်လို့ ဖြစ်လာခဲ့သည်။
စကုမြို့တွင် စေတီပုထိုးပေါင်း ၁၄၄ ဆူရှိပြီး အလွန်ထင်ရှားလှတဲ့ နံရံဆေးပန်းချီများကို ထေရ်ကြီးစေတီ၊ ဘိုးနန်းသူစေတီ၊ ကျွဲတဲစေတီ၊ ဆုတောင်းပြည့်ရုပ်စုံစေတီများမှာ သုခုမအနုလက်ရာ ထူးချွန် ပြောင်မြောက်စွာ မြင်တွေ့နိုင်တာကြောင့် ကမ္ဘာလှည့်ခရီးသွားများ စိတ်ဝင်စားစရာ နေရာတခု ဖြစ်လာခဲ့ပေသည်။ ထိုအထဲတွင် စကုသုံးထပ် ရုပ်စုံကျောင်းနှင့် မှန်ကင်းရုပ်စုံကျောင်းများ၏ ရှေ့ဟောင်း ပန်းပုလက်ရာများသည်လည်း လွန်စွာပြောင်မြောက်လှသည်။
စကုရုပ်စုံကျောင်းများကို ကျောင်းဒါယကာ စကုမြို့ဝန်မင်းကြီး ဦးဆိုင်၊ ဝန်မင်းကတော် ဒေါ်ငွေ၊ (သား) မြို့အုပ်မင်း ဦးသိုက်၊ မြို့အုပ်မင်းကတော် မရိုး၊ (သမီး) မဝက်တို့က ကောဇာသက္ကရာဇ် ၁၂၆၆ ခုနှစ် နယုန်လပြည့်ကျော် ၆ ရက်နေ့တွင် သုံးထပ်ရုပ်စုံကျောင်း၊ မှန်ကင်းရုပ်စုံကျောင်းနှင့် ကန်ဦးဘုန်းတော်ကြီး ကျောင်းတို့ကို ဆောက်လုပ်လှူဒါန်းခဲ့ကြောင်း ကျောင်းထိုင်ဆရာတော် ဦးဩသဓထံမှ သိရသည်။
စကုသုံးထပ် ရုပ်စုံကျောင်းမှာ နှစ်ပေါင်း ၁၀၀ ကျော် ကြာမြင့်ခဲ့ပြီဖြစ်ကာ အလျား ၁၃၁ ပေ၊ အနံ ၆၅ ပေခွဲရှိပြီး၊ တိုင်လုံးပေါင်း ၁၇၂ တိုင်ဖြင့်ဆောက်လုပ်၍ ကျောင်းအပြင်ဘက် တိုင် တစ်တိုင်ချင်းစီ၏ တိုင်ဖုံးများတွင် ရှေးခေတ်နန်းတွင်း သုခုမအနုလက်ရာများဖြင့် ပုဂံခေတ်နှင့် ၅၅၀ နိပါတ်တော်လာဗုဒ္ဓ ဖြစ်စဉ်များကို လက်ရာမြောက်စွာ ထုဆစ်ထားသည့် ပန်းပုရုပ်ပုံများမှာ ရင်သပ်ရှုမော အံ့ဩမဆုံးအောင် တွေ့မြင်ကြရပေမည်။
မြန်မာနိုင်ငံအတွင်းရှိ များပြားလှသော ဘုန်းတော်ကြီးကျောင်းများအနက် ဗုဒ္ဓဖြစ်စဉ်တော်များ၊ ၅၅၀ ဇာတ်နိပါတ်တော်လာ ဓမ္မပဒကျမ်းများမှ ဇာတ်ဝတ္ထုများကို သရုပ်ဖော် ထုလုပ်ထားသည့် သစ်သားပန်းပု ရုပ်များဖြင့် အလှဆင်ထားသော ကျောင်းများကို ရုပ်စုံကျောင်းများဟု ခေါ်ကြသည်။ ထိုရုပ်စုံ ကျောင်းများအနက် မန္တလေးရွှေအင်ပင် ရုပ်စုံကျောင်း၊ စစ်ကိုင်းရုပ်စုံကျောင်း၊ စလင်းရုပ်စုံကျောင်း၊ စလေ မြို့ရှိ ပန်းပုရုပ်စုံကျောင်းများအပြင် မကွေးတိုင်းဒသကြီး မင်းဘူးခရိုင်အတွင်းရှိ စကုမြို့ ကန်ဦးရုပ်စုံ ကျောင်း၊ စကုသုံးထပ်ရုပ်စုံကျောင်းနှင့် မှန်ကင်းရုပ်စုံကျောင်းများမှာ အထင်ရှားဆုံး ဖြစ်ကြသည်။
ဇေယျာထက် (မင်းဘူး)