ဖောင်းပြင် ဖေဖော်ဝါရီ ၂၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်မှ တောင်သူများအနေဖြင့် ယခုနှစ် ဆောင်းသီးနှံများ ရိတ်သိမ်းရချိန် ပဲများ ရောင်းချရာတွင် ယခင်နှစ်များထက် ဈေးပိုရသဖြင့် ပဲစိုက်တောင်သူများ အဆင်ပြေကြောင်း သိရသည်။
“ပြီးခဲ့တဲ့နှစ်များမှာတော့ မြေထောက်ပဲ တစ်တင်းကို သုံးသောင်းဈေးသာ အများဆုံးရရှိခဲ့တာပါ။ ဒီနှစ်မှာတော့ တစ်တင်းကို သုံးသောင်းငါးထောင် (၃၅၀၀၀)ဟာ အနှိမ့်ဆုံးရောင်းဈေးနဲ့ ရောင်းနေရပါတယ်။ အခြားပဲတွေလည်း ယခင်နှစ်ဈေးနဲ့ ရောင်းဈေးနဲ့ ယှဉ်ရင် ငါးထောင်မှ တစ်သောင်းဝန်းကျင်အထိ ဈေးပိုရ နေပါတယ်။ ကျွန်တော်တို့ဒေသက ယခုနှစ်မှာ မြေထောက်ပဲကို အဓိကထားစိုက်ပျိုးခဲ့ကြတာဖြစ်ပါ တယ်။” ဟု ပိုးစာကုန်းကျေးရွာက ပဲစိုက်တောင်သူ ဦးမြင့်သိန်းက ပြောပြသည်။
ယနေ့ပဲဈေးအရ မြေထောက်ပဲတစ်တင်းလျှင် ၃၈၀၀၀မှ ၄၀၀၀၀ကျပ် ဈေးနှုန်းဖြင့် လည်းကောင်း၊ ပုဂံပဲ တစ်တင်းလျှင် ၄၀၀၀၀ကျပ် မှ ၄၂၀၀၀ကျပ် ဈေးနှုန်းဖြင့်လည်းကောင်း၊ ပဲယင်းတစ်တင်းလျှင် ၂၅၀၀၀မှ ၂၈၀၀၀ဈေးနှုန်းဖြင့်လည်းကောင်း ဝယ်ယူလျက်ရှိကြောင်း ပဲပွဲစားများထံမှ သိရသည်။
ဖောင်းပြင်မြို့နယ်မှ တောင်သူများသည် ပဲအမျိုးမျိုးအနက် မြေပဲ၊ မြေထောက်ပဲ၊ ပဲယင်း၊ ပုဂံပဲ၊ ပဲစာဥတို့ကို အများအပြား စိုက်ပျိုးကြပြီး ပဲဇီးကွက်၊ မတ်ပဲ၊ ပဲတီစိမ်းတို့ကို အနည်းငယ်သာ စိုက်ပျိုးခဲ့ကြကြောင်း၊ အဆိုပါပဲများကို မန္တလေးမြို့နှင့် မုံရွာမြို့ရှိ ပွဲရုံများသို့ တင်ပို့ရောင်းချကြ ကြောင်းသိရသည်။
ကိုထွန်း(ဖောင်းပြင်)