ဘားအံ ဖေဖော်ဝါရီ ၂၆
ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးသည် အရှေ့တောင်တိုင်းစစ်ဌာနချုပ် ဒုတိယ တိုင်းမှူးဗိုလ်မှူးချုပ် ဇော်မင်းအောင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်အတူ ယနေ့နံနက် ၁၀ နာရီခန့်က ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ဘားအံမြို့နယ်အတွင်းရှိ ဌာနေပြည်သူ့စစ်တပ်ဖွဲ့ဝင်များနှင့် တွေ့ဆုံခဲ့သည်။
ထိုသို့တွေ့ဆုံရာတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက နိုင်ငံရေးဖြစ်စဉ် ပြောင်းလဲဖြစ်ပေါ်လာမှုနှင့် အတူ ပေါ်ပေါက်လာသော တရားမဝင် အဖွဲ့အစည်းများဖြစ်သည့် CRPH၊ NUG၊ PDF များ၏ အကြမ်းဖက်လုပ်ရပ်များ၊ ၎င်းတို့နှင့်ဆက်နွယ်သည့် လက်နက်ကိုင် အဖွဲ့အစည်းများ၏ ပါဝင်ပတ်သက်မှုများကို ရှင်းလင်းပြောကြားပြီး ဒေသတွင်း တည်ငြိမ်အေးချမ်းမှု မရှိပါက မည်သည့်လုပ်ငန်းဆောင်တာကိုမျှ ဆောင်ရွက်နိုင်မည် မဟုတ်ကြောင်း၊ တပ်မတော်၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တို့နှင့် ပူးပေါင်း၍ လုံခြုံရေး၊ တရားဥပေဒစိုးမိုးရေး၊ တည်ငြိမ်အေးချမ်းရေး တာဝန်များကို တက်တက်ကြွကြွဖြင့် ပါဝင်ဆောင်ရွက်ပေးခဲ့ကြသော ယခုအခမ်းအနားသို့ တက်ရောက်လာသူ အားလုံးကို လေးစား ဂုဏ်ယူပါကြောင်း၊ ဌာနပြည်သူ့စစ်များ၏ ရည်မှန်းချက် တာဝန်ဖြစ်သော ပြည်သူ့များ၏ အသက်အိုးအိမ်စည်းစိမ်အား ကာကွယ်ရှောက်မှုကို အဟန့်အတား ဖြစ်နေသည့် PDF အကြမ်းဖက်အဖွဲ့များအား အမြစ်ပြတ်ချေမှုန်းဖို့လိုကြောင်း၊ ယခုအချိန်တွင် ကိုဗစ်-၁၉ ရောဂါစတုတ္ထလှိုင်း အိုမီခရွန်ရောဂါပိုးသစ်တစ်မျိုး ကူးစက်ဖြစ်ပွားနေပြီး ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် တက်ကြွစွာပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း၊ မိမိရပ်ရွာဒေသတွင် ယခုထက်မကသော တည်ငြိမ်အေးချမ်းမှုများ ရရှိအောင် တက်ညီလက်ညီဖြင့် ပူးပေါင်းဆောင်ရွက်ပေးကြရန်နှင့် အခက်အခဲရှိပါက တင်ပြကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် အရှေ့တောင်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် ဇော်မင်းအောင်က ဌာနေပြည်သူ့စစ် တပ်ဖွဲ့ဝင်များသည် နယ်မြေသတင်းကို ရရှိရန် နားမျက်စိများဖြစ်ပြီး လိုအပ်သည့် အခက်အခဲများကို ကူညီဖြေရှင်း ဆောင်ရွက်ပေးနိုင်ရေး အချိန်မရွေး တင်ပြနိုင်ကြောင်း နှုတ်ခွန်းဆက်စကား ပြောကြားသည်။
ယင်းနောက် တွေ့ဆုံပွဲသို့ တက်ရောက်လာကြေသော ဘားအံမြို့နယ်အတွင်းရှိ ရပ်ကွက်၊ကျေးရွာ များမှ ဌာနေ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များက လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းမှု ရှိစေရေး ပူးပေါင်းဆောင်ရွက်နေမှု အခြေအနေ၊ ကြုံတွေ့ရသည့် အခက်အခဲနှင့် လိုအပ်ချက် များအား ဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် ဒုတိယ တိုင်းမှူး၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မျိုးမင်းနောင်နှင့် တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ အမှတ်(၂၂) ခြေလျင် တပ်မဌာနချုပ် ဒုတိယတပ်မမှူးတို့က ဌာနေပြည်သူ့စစ်တပ်ဖွဲ့ဝင်များအား လက်ဆောင်ပစ္စည်းများ ပေးအပ်ပြီး ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကား ပြောကြားသည်။
တွေ့ဆုံပွဲအပြီးတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဌာနေပြည်သူ့စစ်တပ်ဖွဲ့ဝင်များအား ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးစကားများ ပြောကြားခဲ့ပြီး ဌာနေပြည်သူ့စစ်တပ်ဖွဲ့ဝင်များအား နေ့လည်စာဖြင့် တည်ခင်း ဧည့်ခံခဲ့ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း