မန္တလေးစက်မှုဇုံတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့် ထိခိုက်နေသော လုပ်ငန်းများအား ချေးငွေလျှောက်ထားနိုင်ရန် အကျုံးဝင်ကိုက်ညီမည့် အချက်အလက်များအား ရှင်းလင်း

မန္တလေး မတ် ၃၁

ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့် ထိခိုက်နေသော လုပ်ငန်းများအား ချေးငွေလျှောက်ထားနိုင်ရန် အကျုံးဝင် ကိုက်ညီမည့် အချက်အလက်များအား ရှင်းလင်းပွဲကို မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ စက်မှုဇုံရှိ ကနောင်ခန်းမတွင် ယမန်နေ့ မွန်းလွဲ ၁ နာရီက ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ မန္တလေးစက်မှုဇုံစီမံခန့်ခွဲမှုကော်မတီဉက္ကဋ္ဌ ဦးခင်မောင်လှက မန္တလေးစက်မှုဇုံရှိ လုပ်ငန်းရှင်များ ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့် ထိခိုက်နေသော လုပ်ငန်းများအား လုပ်ငန်းခွင်မပျက် လည်ပတ်နိုင်ရေး အတွက် နိုင်ငံတော်မှ ချေးငွေလျှောက်ထားနိုင်ရယူနိုင်မည့် အချက်အလက်များ သိရှိနိုင်ရေးအတွက် ရှင်းလင်း ပြောကြားသည်။ ထို့နောက် မန္တလေးစက်မှုဇုံစီမံခန့်ခွဲမှုကော်မတီဒုတိယဉက္ကဋ္ဌ (၁)ဦးနေဝင်းက ကိုရိုနာ ဗိုင်းရပ်စ်ရောဂါကြောင့် ထိခိုက်နေသော လုပ်ငန်းများအနေဖြင့် ချေးငွေရယူရာတွင် အကျုံးဝင်ကိုက်ညီမည့် အချက်အလက်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် တက်ရောက်လာသော လုပ်ငန်းရှင် များမှ သိရှိလိုသည်များ ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြသည်။

ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့် အမှန်တကယ်ထိခိုက်မှုရှိနေသော နိုင်ငံသားပိုင် စီးပွားရေးလုပ်ငန်းဖြစ်ရမည် ဖြစ်ကြောင်း၊ လက်ရှိလုပ်ငန်းလည်ပတ်ဆောင်ရွက်နေသည့် လုပ်ငန်းဖြစ်ရမည်(သို့) ယခုကြေငြာချက် ထုတ်ပြန်သည့်နေ့မှ ယခင်(၃)လအတွင်း ယာယီရပ်စဲထားပြီး ချေးငွေရရှိပါက ချက်ချင်းပြန်လည် လည်ပတ် ရမည်ဖြစ်ကြောင်း၊ ၂၀၁၈ ခုနှစ် မတ်လ(၃၁)ရက် မတိုင်မီက သက်ဆိုင်ရာဌာနမှ ခွင့်ပြုချက်လုပ်ငန်း/ လိုင်စင်ရရှိပြီးဖြစ်ရမည်ဖြစ်ကြောင်း၊ လွန်ခဲ့သည့် (၂)နှစ်တာကာလအတွင်း နှစ်စဉ်ဝင်ငွေရရှိနေသည့် လုပ်ငန်း ဖြစ်ရမည်ဖြစ်ကြောင်း၊ ချေးငွေအား ပြန်လည်ပေးဆပ်နိုင်မည့် ခိုင်လုံသော လုပ်ငန်းအခြေအနေရှိသည့် လုပ်ငန်းဖြစ်ရမည်ဖြစ်ကြောင်း၊ ချေးငွေအား လုပ်သားနှင့် ဝန်ထမ်းများအား လစာပေးရန်နှင့် လက်ရှိလုပ်ငန်း လည်ပတ်ရေးအတွက်သာ အသုံးပြုရမည့်လုပ်ငန်းဖြစ်ရမည် ဖြစ်ကြောင်း၊ ချေးငွေရယူသည့်လုပ်ငန်းရှင်များ အနေဖြင့် ချေးငွေအား ပြန်လည်ပေးဆပ်ရန် အာမခံပေးနိုင်ရမည် ဖြစ်ကြောင်း မန္တလေးစက်မှုဇုံ စီမံခန့်ခွဲမှု ကော်မတီ ဒုတိယဉက္ကဋ္ဌ(၁)ဦးနေဝင်းက ပြောကြားသည်။

ရှင်းလင်းပွဲသို့ မန္တလေးစက်မှုဇုံစီမံခန့်ခွဲမှုကော်မတီဉက္ကဋ္ဌနှင့် ကော်မတီဝင်များ၊ စက်မှုဇုံမှ လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

သန်းဇော်မင်း(ပြန်/ဆက်)