မိုးညှင်းမြို့၌ ခရိုင်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနရုံး မကြာမီဖွင့်လှစ် တော့မည်ဖြစ်၍ ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝ ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်

မိုးညှင်း ဖေဖော်ဝါရီ ၂၅

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်၌ ခရိုင်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနရုံးကို မတ်လ (၂)ရက်နေ့တွင် ဖွင့်လှစ်တော့မည်ဖြစ်၍ ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝ ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း ပြည်နယ်အသေးစား စက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနရုံး ပြည်နယ်ဦးစီးမှူး ဦးအောင်မောင်းထံမှ သိရသည်။

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနအနေဖြင့် ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက် မြင့်မားလာစေရေးအတွက် အသေးစားစက်မှုလက်မှုလုပ်ငန်းများ၊ ရက်ကန်းလုပ်ငန်းများ၊ ပန်း (၁၀)မျိုးအပါအဝင် တိုင်းရင်းရိုးရာ လက်မှုထည်လုပ်ငန်းများ တိမ်ကောပပျောက်မှု မရှိစေရန်နှင့် ဒေသစီးပွား ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ ဒေသခံပြည်သူများက အများဆုံးတောင်ဆိုလေ့ရှိသည့် ဒေသနှင့်လိုက်လျောညီထွေမှုရှိသော အသက်မွေးဝမ်းကျောင်းဆိုင်ရာ ကာလတိုသင်တန်းများကို စဉ်ဆက်မပြတ် ဖွင့်လှစ်သင်ကြား ပို့ချပေးလျက်ရှိသည်။

အဆိုပါ ခရိုင်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနရုံး ဖွင့်လှစ်ပေးခြင်းဖြင့် မိုးညှင်းဒေသတွင် အလျှံပယ်ထွက်ရှိသည့် ဆန်၊ ပဲ၊ ပြောင်း၊ ဂျုံနှင့် ရာသီစာ စိုက်ပျိုးရေးသီးနှံများ၊ ကြိမ်၊ ဝါးလက်မှုထည်၊ တန်ဖိုးမြှင့် စားသောက်ကုန်၊ လူသုံးအလှကုန်ပစ္စည်းများ ပို၍ဖွံ့ဖြိုးလာမည်ဖြစ်ပြီး ဤဦးစီးဌာန၏ လုပ်ငန်းတာဝန်၊ ရည်ရွယ်ချက်နှင့် မျှော်မှန်းချက်များဖြစ်သည့် အသေးစား စက်မှုလက်မှုလုပ်ငန်းများ၊ ရက်ကန်းလုပ်ငန်းများ၊ အသက်မွေးဝမ်းကျောင်းဆိုင်ရာ ကာလတိုသင်တန်းများ၊ မြန်မာ့ရိုးရာပန်း (၁၀)မျိုးနှင့် လက်မှုလုပ်ငန်းနည်းပညာများကို ဖွံ့ဖြိုးရန်ဆောင်ရွက်လျက်ရှိရာ ယခင်က မိုးညှင်းခရိုင်အတွင်းရှိ ဒေသခံပြည်သူများက စဉ်ဆက်မပြတ် တောင်းခံလျက်ရှိသည်။

မိုးညှင်းဒေသတွင် ရာသီသီးနှံများဖြစ်သည့် ဆန်၊ ပဲ၊ ပြောင်း၊ ဂျုံ၊ ငှက်ပျော၊ ဝဥ၊ ရော်ဘာ၊ လျှော်ဖြူ စသည့် စိုက်ပျိုးသီးနှံများအပြင် သစ်၊ ဝါးအခြေခံ လက်မှုလုပ်ငန်းများလည်း လုပ်ကိုင်လျက်ရှိပြီး အဆိုပါ လုပ်ငန်းများကို တန်ဖိုးမြှင့်နည်းပညာများ ဖွံ့ဖြိုးခြင်းဖြင့် အလုပ်အကိုင် အခွင့်အလမ်းကောင်းများ တိုးပွားလာပြီး မိသားစုအတွက်ဝင်ငွေနှင့် ဒေသထွက်ကုန် အရည်အသွေးများအား အဆင့်မီထွက်ရှိလာမည်ဖြစ်ကြောင်း သိရသည်။

ဇွဲသူရအောင်