ဝေါမြို့နယ်၌ အမျိုးသား(အလွတ်တန်း) ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

ဝေါ ဖေဖော်ဝါရီ ၂၅

ပဲခူးတိုင်းဒေသကြီး၊ပဲခူးခရိုင်၊ ဝေါမြို့နယ် အားကစားနှင့် ကာယပညာ ဦးစီးဌာနက အားကစား ဖွံ့ဖြိုးတိုးတက်စေရန် ပြည်သူများအားကစားကို စိတ်ဝင်စားလာ၍ ကာယ၊  ဉာဏ၊ စာရိတ္တဘက် စုံဖွံ့ဖြိုးတိုးတက်ပြီး ထူးချွန်ထက်မြက်သော မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ မြို့နယ်အတွင်းရှိ ကျေးရွာများတွင် အမျိုးသား အလွတ်တန်း ဘောလုံး ပြိုင်ပွဲများကို ကျင်ပပေးလျက်ရှိရာ ယမန်နေ့ ညနေပိုင်းက နောင်ပတ္တရာကျေးရွာ၌ ကျေးရွာ အုပ်ချုပ်ရေးမှူး ဖလားဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ကျင်းပရာ ခိုင်လင်းအမျိုးသား ဘောလုံးအသင်းနှင့် ဇင်ကိုအမျိုးသား ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကြရာ ခိုင်လင်း ဘောလုံးအသင်းက ပင်နာတီအဆုံးအဖြတ် (၅-၄)ဂိုးဖြင့် အနိုင်ရရှိ သွားကြောင်း သိရသည်။

ဆက်လက်၍ ဆုချီးမြှင့်ပွဲကိုကျင်းပရာ နေရာအလိုက် အကောင်းဆုံးဆုရ အားကစားသမား များနှင့် ပထမဆုရ ခိုင်လင်းဘောလုံးအသင်း၊ ဒုတိယဆုရ ဇင်ကိုဘောလုံးအသင်း၊တတိယဆုရ စိုးမိုးနိုင် ဘောလုံးအသင်းနှင့် နှစ်သိမ့်ဆုရအသင်းများကို ပဲခူးခရိုင် အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သန္တာဝင်းနှင့် တာဝန်ရှိသူများက ဆုတံဆိပ်များ ငွေသားဆုနှင့် တံခွန်စိုက်ဆုဖလားတို့ကို အသီးသီး ပေးအပ်ချီးမြှင့် ပေးအပ်သည်။

အဆိုပါ အခမ်းအနားသို့ အားကစားနှင့်ကာယပညာ ဦးစီးဌာနမှ ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ပြိုင်ပွဲဝင် အားကစားသမားများနှင့် ဒေသခံပြည်သူများ တက်ရောက်အား ပေးကြည့်ရှုကြကြောင်း သိရသည်။

စိုးမိုး(ပြန်/ဆက်)