ဝက်လက်မြို့၌ ကိုဗစ်-၁၉ရောဂါ မျိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်ရေး အတွက် လုပ်ငန်းညှိနှိုင်း အစည်းဝေးနှင့် PPE ဝတ်စုံများ ပေးအပ်ပွဲကျင်းပ

ဝက်လက် ဖေဖော်ဝါရီ ၂၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့တွင် ကိုဗစ်-၁၉ရောဂါ မျိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကြိုတင် ကာကွယ်နိုင်ရေးအတွက် မြို့နယ်အဆင့် ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေး ကော်မတီမှ လုပ်ငန်းညှိနှိုင်း အစည်းဝေးနှင့် PPE ဝတ်စုံ ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းဝေး ခန်းမတွင် ကျင်းပပြုလုပ်ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ် အဆင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးဉာဏ်လှိုင် က မိမိမြို့နယ်အတွင်း ရောဂါကူးစက်မှု လျော့နည်းစေရေးအတွက် ကိုဗစ်ရောဂါ ကာကွယ် ဆေးထိုး လက်မှတ် ပါ/မပါ စစ်ဆေးစေခြင်း လက်မှတ် မရှိပါက ကာကွယ်ဆေး တစ်ခါတည်း ထိုးနှံစေရန်အတွက် မြို့အဝင်အထွက်များတွင် စစ်ဆေးရေးဂိတ်များ ထားရှိစေခြင်း၊ ရောဂါ ကာကွယ်ရေးအတွက် အသိပညာပေး ဆော်သြခြင်း  လုပ်ငန်းများကို မြို့ပေါ် ရပ်ကွက်နှင့် ကျေးရွာများပါမကျန် ဆောင်ရွက်နိုင်ရေးကို ဆွေးနွေးကြသည်။

ယင်းနောက် PPE ဝတ်စုံများ ပေးအပ်ရာ ပိုးသတ်ဆေး ပက်ဖျန်းရာတွင် အသုံးပြုရန်အတွက် မီးသတ် ဦးစီးဌာန မြို့နယ်ဦးစီးမှူးထံသို့ ဝတ်စုံ ၁၀ စုံ နှင့် ပိုးတွေ့လူနာများကို ကုသရေး စင်တာများသို့ ပို့ဆောင်ရာတွင် အသုံးပြုနိုင်ရန် အတွက် မေတ္တာရှင်  လူမှုကူညီရေး အသင်း ဥက္ကဋ္ဌထံသို့ ဝတ်စုံ အစုံ ၂၀ ကို မြို့နယ် အဆင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးဉာဏ်လှိုင်နှင့် အဖွဲ့ဝင်များက ပေးအပ်ကြောင်း သိရသည်။

စိုးစိုးလှိုင် (ဝက်လက်)