ပွင့်ဖြူမြို့နယ်၌ ကလေးသူငယ်ပြုစုပျိုးထောင်ရေး ရှေ့လုပ်ငန်းစဉ်ညှိနှိုင်းဆွေးနွေးပွဲ ကျင်းပ

ပွင့်ဖြူ ဖေဖော်ဝါရီ ၂၅

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်လူမှုဝန်ထမ်း ဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ကလေးသူငယ်ပြုစုပျိုးထောင်ရေး ရှေ့လုပ်ငန်းစဉ်ညှိနှိုင်း ဆွေးနွေးပွဲကို ယနေ့ မွန်းတည့် ၁၂ နာရီခွဲက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး လူထုအခြေပြု ဗဟိုဌာန Community Centre ခန်းမတွင် ကျင်းပသည်။

ဆွေးနွေးပွဲတွင် မြို့နယ်လူမှုဝန်ထမ်း ဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မြင့်မြင့်သန်း က ကလေးသူငယ်ပြုစု ပျိုးထောင်ရေးနှင့် ပတ်သက်၍ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၊ ကလေးငယ်များ၏ ရပိုင်ခွင့်နှင့် အခွင့်အရေးများ၊ ပညာသင်ယူခွင့်ဆိုင်ရာ အခွင့်အလမ်းများ၊ ကလေးအလုပ်သမားပပျောက်ရေး ပူးပေါင်း ကာကွယ် ဆောင်ရွက်ရမည့် အချက်များ၊ ကလေးငယ်များဘဝ လုံခြုံစေရေးအတွက် ပြည်သူလူထု ပူးပေါင်းပါဝင် ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များနှင့် ဥပဒေ၊ နည်းဥပဒေများကို ချပြရှင်းလင်းဆွေးနွေး ပြောကြားသည်။

ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်ဝါဝါလှိုင် က ကလေးငယ်များ စာပေအသိပညာ ကြွယ်ဝစေရန်နှင့် ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်စေရေးအတွက် ဆောင်ရွက်ရမည့် နည်းလမ်းများကို လည်းကောင်း၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်နွယ်နီအောင် က ကလေးငယ်များ ဘက်စုံဖွံ့ဖြိုးစေရေးအတွက် မိဘအုပ်ထိန်းသူများ ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် မူကြိုကျောင်းများတွင် ကလေးငယ်များ ကျောင်းနေပျော်ပြီး စာပေလေ့လာမှု စွမ်းရည်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် မူကြိုဆရာ၊ ဆရာမများ ဆောင်ရွက်ရမည့် လုပ်ငန်းများကို ရှင်းလင်းဆွေးနွေး ပြောကြားသည်။

ထို့နောက် တက်ရောက်လာသူများက မြို့နယ်အတွင်း ကလေးသူငယ်ပြုစုပျိုးရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်းပြီး အကောင်အထည်ဖော် ဆောင်ရွက်နေမှုများကို ဝိုင်းဝန်းဆွေးနွေး ခဲ့ကြပြီး မြို့နယ်လူမှုဝန်ထမ်း ဦးစီးဌာန ဦးစီးအရာရှိ  ဒေါ်မြင့်မြင့်သန်း က တက်ရောက် လာသူများ၏ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကာ ရှေ့ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်ရမည့် ကလေးသူငယ်ပြုစုပျိုးရေး လုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ကြောင်း သိရသည်။

ရဲဝင်းနိုင် (ညောင်ဦး)