တောင်ငူမြို့၌ ပင်စင်လစာငွေများ စနစ်တကျ ထုတ်ပေးလျက်ရှိ

တောင်ငူ ဖေဖော်ဝါရီ ၂၅

 

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် မြန်မာ့စီးပွားရေးဘဏ်မှ ယနေ့နံနက်ပိုင်းတွင် ပင်စင်လစာငွေများ ထုတ်ယူမည့်သူများ အဆင်ပြေချောမွေ့စွာ ထုတ်ယူနိုင်ရေးအတွက် မြစည်းခုံ သာသနာ့ဗိမာန်ဟောင်း  ဓမ္မာရုံတွင်စနစ်တကျ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ထုတ်ပေးရာတွင် သက်ကြီးပင်စင်စားများအား ဦးစွာထုတ်ပေးရာ မြို့နယ်မြန်မာ့စီးပွားရေးဘဏ်မှ တာဝန်ခံများနှင့် ဝန်ထမ်းများက စာရင်းဖြည့်သွင်းခြင်းများ ဆောင်ရွက်ပေးပြီး ပင်စင်လစာငွေများအား အလှည့်ကျစနစ်ဖြင့် ထုတ်ပေးသည်။

ယင်းသို့ဆောင်ရွက်ပေးရာတွင် ကိုယ်တိုင်လာရောက် ထုတ်ယူနိုင်ခြင်းမရှိသည့် သက်ကြီးရွယ်အိုများ အတွက် ၎င်းတို့၏ ကိုယ်စားလှယ်များမှ ဗီဒီယိုရုပ်သံခေါ်ဆိုပေးကာ အဆင်ပြေချောမွေ့စွာ ထုတ်ယူနိုင်ရေးအတွက် ဘဏ်ဝန်ထမ်းများက ကူညီဆောင်ရွက်ပေးကြောင်း သိရသည်။

အဆိုပါ ပင်စင်လစာငွေများ ထုတ်ပေးခြင်းကို ဖေဖော်ဝါရီလ ၂၈ ရက်နေ့အထိ ဘဏ်လုပ်ငန်းချိန်များအတိုင်း ဆောင်ရွက်ပေးမည်ဖြစ်ပြီး လာရောက်ထုတ်ယူခြင်း မရှိသူများအား ဘဏ်ဖွင့်ရက်များအတိုင်း တောင်ငူမြန်မာ့စီးပွားရေးဘဏ်တွင် လာရောက်ထုတ်ယူနိုင်ကြောင်း ခရိုင်ဘဏ် တာဝန်ခံထံမှ သိရသည်။

ဇော်ထက် (တောင်ငူ)