သာယာဝတီမြို့၌ တစ်နိုင်တစ်ပိုင်မြေအိုးလုပ်ငန်း လုပ်ကိုင်သူများ မိသားစုစားဝတ်နေရေး အဆင်ပြေ

သာယာဝတီ  ဖေဖေါ်ဝါရီ  ၂၅

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ် ဖိုးခေါင်-စံရွေး ဆက်သွယ်ထားသော မြစ်မတံတားအနီး ဖိုးခေါင်ကျေးရွာရှိ အိမ်ထောင်စုများသည် မိရိုးဖလာအိုးလုပ်ငန်းဖြစ်သော မြေအိုးအမျိုးမျိုးလုပ်ကိုင်ကာ အသက်မွေး ဝမ်းကျောင်း ပြုလုပ်ခဲ့ပြီး မိသားစုစားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။

မြေအိုးအမျိုးမျိုး ပြုလုပ်ရာတွင် ကုန်ကြမ်းဖြစ်သော မြေများအား ရွာအပြင်ဘက်ရှိ မြေကျင်းမှ မြေနီ၊ မြေစေး တို့ကိုတူး၍ ကွန်ဒေါင်းဖြင့်ဖြစ်စေ၊ ရွက်ပိုး၍ဖြစ်စေ သယ်ဆောင်လာကာ မိမိတို့နေအိမ်တွင် စုပုံထားရကြောင်း၊ မြေများကို အိုးပြုလုပ် တော့မည်ဆိုလျှင် နှုံးမြေ တစ်ဆ၊ မြေနီ နှစ်ဆ၊  မြေစေး တစ်ဆ တို့ကိုရော၍ အင်တုံ၊ ကျောက်ဇလားများနှင့် ထည့်ကာ ရေစိမ်ထားရကြောင်း၊ မြေများနူးလာပြီဆိုပါက စေးသွားအောင်ပြုလုပ်၍  ခြေထောက်ဖြင့် အကြိမ်ကြိမ်နင်းနယ်  ရကြောင်း၊ ထို့နောက် လက်လှည့် စုံပေါ်တွင်တင်ကာ မိမိပြုလုပ်လိုသော အိုးပုံစံများကို လက်ဖြင့်ပုံဖေါ်ပြီး အဆင့်ဆင့် ပြုလုပ်ပြီးမှ မီးဖုတ်ရကြောင်း၊ ဖိုးခေါင်ကျေးရွာမှ ထွက်ရှိသော သောက်ရေအိုးအကြမ်း တစ်လုံးကို ၂၅၀၀ကျပ် ၊ ပန်းရိုက်သောက် ရေအိုး တစ်လုံးလျှင် ၃၀၀၀ ကျပ်၊ အချော တစ်လုံးကို ငွေကျပ် ၃၅၀၀ ၊ ဟင်းအိုး တစ်လုံးကို ငွေကျပ် ၁၀၀၀ ကျပ်၊ ငပိရည်ကျိုအိုး တစ်လုံးကို ၁၀၀၀ ကျပ်၊ ဘုရားပန်းအိုးတစ်လုံးကို ၁၀၀၀ ကျပ်၊ အလှစိုက်ပန်အိုးအကြီး တစ်လုံးကို ၄၀၀၀ ကျပ်တို့ဖြင့် အထိုင်နေရာ၌လည်း ရောင်းချကြောင်း၊ အထိုင်နေရာအပြင် သာယာဝတီမြို့သို့ ကားဖြင့် သွားရောက် ရောင်းချ၍ ထိုကျေးရွာရှိမိသားစုများ စားဝတ်နေရေးအဆင်ပြေလျက်ရှိကြောင်း မြေအိုးအမျိုးမျိုး လုပ်ကိုင်သူ များက ပြောသည်။

သန့်ဇော်(သာယာဝတီ)