ပိုင်ကျုံမြို့တွင် ကျေးရွာများအရောက် Covid Shield (First Dose) ကွင်းဆင်းထိုးနှံပေးခဲ့ရာ (၅)ရက်အတွင်း လူဦးရေ(၁၆၀၂)ဦးအား ထိုးနှံပေးနိုင်ခဲ့

ပိုင်ကျုံ  ဖေဖော်ဝါရီ  ၂၅

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်စေရန်နှင့် ရောဂါပိုးကူးစက်ပြန့်ပွားမှုကို  လျှော့နည်းစေရန်ရည်ရွယ်၍   ကိုဗစ်-၁၉ ရောဂါ ကာကွယ်​ ဆေးထိုးနှံ​ပေးလျက်ရှိပါသည်။

ကာကွယ်ဆေးထိုးနှံပေးရာတွင် သံဃာတော်များ၊ အသက်(၁၈)နှစ်အထက် ဒေသနေပြည်သူ များ၊ အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေးထိုးနှံရန်ကျန်ရှိသည့် နိုင်ငံ့ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် ပရဟိတအဖွဲ့ဝင်များကို ဦးစားပေး အစီအစဉ်ဖြင့် ထိုးနှံပေးခဲ့ပြီး ကာကွယ်ဆေးထိုးရန် ကျန်ရှိနေသေးသော မြို့နှင့်အလှမ်းဝေးသော ကျေးရွာများသို့ ဖေဖော် ဝါရီလ၂၀ရက်နေ့မှ စတင်၍ ကွင်းဆင်းထိုးနှံ‌ပေးခဲ့ပြီး ပထမရက်တွင် ပိုင်ကျုံမြို့ အ.ထ.က ပေါင်ကျောင်း၌ လူဦးရေ(၂၄၉)ဦး၊ ဒုတိယရက်တွင် နောင်ဘိုကြီးကျေးရွာ မူလတန်းကြို ကျောင်း၌ လူဦးရေ(၅၁၇)ဦး၊ တတိယရက်တွင် ပတကျေးရွာအုပ်စု ပတဘုန်းတော်ကြီးကျောင်း ၌ လူဦးရေ(၁၈၇)ဦး၊ စတုတ္ထနေ့တွင် ဒေါ်လန်းကျေးရွာအုပ်စု ဒေါ်လန်းတိုက်ကျောင်း၌ (၃၇၄)ဦး နှင့် နောက်ဆုံးနေ့တွင် ကော့နွဲကျေးရွာ၌ လူဦးရေ(၂၇၅)ဦး စုစုပေါင်း(၁၆၀၂)ဦးအား ထိုးနှံပေး နိုင်ခဲ့ကြောင်း သိရပါသည်။

ထို့သို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ပိုင်ကျုံမြို့ ကျေးလက်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး ဦးသက်နိုင်စိုးဦးဆောင်ပြီး   ကျန်းမာရေးဝန်ထမ်းများ၊  စေတနာ့ ဝန်ထမ်းများတို့က ကာကွယ်ဆေး လာရောက်ထိုးနှံသူများအား ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်း၊ သွေးတွင်းအောက်ဆီဂျင်ပါဝင်မှု ပမာဏတိုင်းတာပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ပြီး ပိုင်ကျုံမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာမှ မြို့အုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများက ကာကွယ်ဆေးထိုးနှံရာတွင်  အဆင်ပြေလွယ်ကူစေရန်အတွက်  ပူးပေါင်းပါဝင်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

စောဂျိုးဇက်ဂျူး