ပေါင်းတည် ဖေဖော်ဝါရီ ၂၅
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်တွင် ပြည်သူများ အိုမီခရွန်ရောဂါပိုး ကူးစက်မှုကို ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်အတွက် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ စုပေါင်းအဖွဲ့မှ Mask Campaignနှင့် အသိပညာပေး နှိုးဆော်ခြင်းလုပ်ငန်းကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၈နာရီက စျေးရောင်းစျေးဝယ်များ စည်ကားသည့် ရွှေတည်စျေးသစ်အတွင်းနှင့် ဘုရားကြီးလမ်းတို့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့နှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များက မြို့နယ်အတွင်းရှိ သွားလာနေသူ ပြည်သူများအနေဖြင့် ယခုအခါ ကိုဗစ်-၁၉ မျိုးဗီဇပြောင်းအိုမီခရွန် ရောဂါပိုးကူးစက်မှု ရှိလာသဖြင့် ရောဂါကာကွယ်နိုင်ရေးအတွက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံရန်၊ နေအိမ်ပြင်ပသို့ သွားလာပါက ပါးစပ်နှင့်နှာခေါင်းစည်း Mask ကို စနစ်တကျတပ်ဆင်ရန်၊ လက်ကို ဆပ်ပြာဖြင့်စက္ကန့် ၂၀ကြာအောင် မကြာခဏ ဆေးကြောရန်နှင့် တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်ရန်၊ မိမိတို့ပတ်ဝန်းကျင်တွင် သံသယလက္ခဏာ ရောဂါရှိသည်ဟု ယူဆပါက နီးစပ်ရာ ကျန်းမာရေး ဌာနတွင် ပြသ၍ ဆေးကုသမှုခံယူရန် စသည်တို့ကို အသိပညာပေးပြောကြားပြီး ပါးစပ်နှင့်နှာခေါင်းစည်း Mask များ တပ်ဆင်ခြင်းမရှိ သွားလာသူများအား Mask (၂)ခုလျင် ငွေငါးရာကျပ်ဖြင့် ဝယ်ယူစေပြီး စနစ်တကျ တပ်ဆင်ပြီးမှ သွားလာခွင့်ပြုခဲ့ကြောင်း သိရသည်။
အေးအေးဆင့်