ငပုတောမြို့နယ်တွင် အသက်(၁၈)နှစ်အထက် ကျေးလက်နေပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပေး

ငပုတော ဖေဖော်ဝါရီ ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တွင် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (COVISHIELD) ဆေးများအား ယနေ့ နံနက် (၁၀)နာရီအချိန်မှစတင်၍ တစ်ကြိမ်တစ်ခါမှ ဆေးထိုးနှံခြင်း မပြုရသေးသည့် ပြည်သူများအား ပထမအကြိမ် ထိုးနှံပေးခြင်းကို ဆေးထိုးစုရပ်ဖြစ်သည့် ဟင်းအိုးချောင်းကျေးရွာအုပ်စု၊ မြက်တို-ဝဲကြီးကျေးရွာရှိ အေးသာမြကန် ဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် ထိုးနှံပေးလျက်ရှိသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဟင်းအိုးချောင်းကျေးရွာ အုပ်ချုပ်ရေးမှူးမန်းကျော်သက်နှင့် အဖွဲ့ဝင်များကြီးကြပ်၍ ကျေးလက်၊ ကျန်းမာရေးဌာနမှ ကျန်းမာရေးမှူး ဒေါ်အေးအေးမွန်နှင့်၊ ကျန်းမာရေးဝန်ထမ်းများက ကိုယ်အပူချိန်နှင့် သွေးပေါင်ချိန် တိုင်းတာပေးခြင်း၊ သွေးတွင်းအောက်စီဂျင် တိုင်းတာခြင်း လုပ်ငန်းများနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများကို ကျေးရွာကြက်ခြေနီအသင်းခွဲမှ တပ်ဖွဲ့ဝင်များက ကူညီဆောင်ရွက်ပေးလျက်ရှိရာ ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိသည်။

ယနေ့ထိုးနှံပေးသည့် ကိုဗစ်ရောဂါ ကာကွယ်ဆေးမှာ အိန္ဒိယနိုင်ငံထုတ် (COVISHIELD) အမျိုးအစားဖြစ်ပြီး ဆေး (၁)လုံးလျှင် (၁၁)ဦး ထိုးနှံပေးရပြီး ဆေး (၁၀)လုံးအား အသက်(၁၈)နှစ်အထက် ကျေးလက်နေ ပြည်သူစုစုပေါင်း လူဦးရေ (၁၂၁)ဦးအား ပထမအကြိမ် ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ငပုတောမြို့နယ်သည် ရေလမ်းတစ်ခုထဲကိုသာ အားထား၍ သွားလာရသော ဒေသဖြစ်ခြင်းကြောင့် ဆေးထိုးရန်ကျန်နေသည့် ကျေးရွာများမှ ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ကျေးလက်ကျန်းမာရေးဌာနမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)