ရွှေဘို ဖေဖော်ဝါရီ ၂၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးရုံး၊ ရှင်ယွန်းစံ ခန်းမတွင် ယနေ့နံနက် ၉ နာရီခွဲ အချိန်က တိုင်းဒေသကြီးအစီအစဉ်ဖြင့် ဆောင်ရွက်မည့် နွေစပါးနှင့် အခြားသီးနှံ စံပြကွက် စိုက်ပျိုးမည့်တောင်သူများအား ပံ့ပိုးပစ္စည်းများ ထောက်ပံ့ ပေးအပ်ပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
နွေစပါးနှင့်အခြားသီးနှံ စံပြကွက်စိုက်ပျိုးမည့် တောင်သူ ၂၀ ဦးအား ရွှေသွယ်ရင်စပါးမျိုးသန့် တင်းငါးဆယ်၊ ဂျစ်ပဆမ် ကျောက်မှုန့်မြေသြဇာ အလုံးငါးဆယ်နှင့် ဇီဖာမြေသြဇာ အလုံး ငါးဆယ်တို့ကို ပံ့ပိုးထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
ဆက်လက်ပြီး နွေစပါးအထွက်နှုန်း တိုးတက်ရေး နည်းပညာပေးသင်တန်းကို ဆက်လက် ကျင်းပရာရွှေဘိုခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးဦးမှ အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် ရွှေဘိုခရိုင်၊ စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးတင်မောင်ဆွေမှ သင်တန်း ဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားခဲ့သည်။
ယင်းနောက် စစ်ကိုင်းတိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာန၊ ဒု-တိုင်းဒေသကြီး ဦးစီးမှူးဦးအောင်ကြည်ဝင်းမှ နွေစပါးအထွက်နှုန်း တိုးတက်ရေးအတွက် သိပ္ပံနည်းကျ စိုက်ပျိုး နည်းစနစ်ဖြင့် ဆောင်ရွက်ရမည့် အကြောင်းများကို လည်းကောင်း ရွှေဘိုခရိုင်၊ ခရိုင်သီးနှံ ကာကွယ်ရေးတာဝန်ခံ ဒေါ်မာချိုမှ ဘက်စုံပိုးမွှား ရောဂါကာကွယ်နှိမ်နင်းနည်း စနစ်အကြောင်းများကိုလည်းကောင်း ရွှေဘိုခရိုင် မျိုးစေ့တာဝန်ခံ ဒေါ်မေကြွယ်ဝင်းမှ မျိုးကောင်းမျိုးသန့် စိုက်ပျိုးထုတ်လုပ်ခြင်း အကြောင်းများကို ပရော်ဂျက်တာဖြင့် ရှင်းလင်း ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စိုးသီဟ(ရွှေဘို)