ကန်ကြီးထောင့်မြို့၌ တောင်သူလယ်သမား အခမ်းအနားအား စည်ကားသိုက်မြိုက်စွာ ကျင်းပမည်

ကန်ကြီးထောင့် ဖေဖော်ဝါရီ ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်၊ ဝါးဒူးကျေးရွာ၌ မတ်လ ၂ ရက်နေ့တွင် တောင်သူ လယ်သမားနေ့ အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာန ဆိုင်ရာများမှ ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများ စတင်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ ညနေ ၆ နာရီ အချိန်က တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ကြည့်ရှု စစ်ဆေးခဲ့ပြီး ဝန်ကြီးချူပ်က လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။

တောင်သူလယ်သမားနေ့ အခမ်းအနားတွင် တိုင်းဒေသကြီးအတွင်းရှိ ခရိုင်ခြောက်ခုမှ ပြခန်းများ၊ ဌာနဆိုင်ရာပြခန်းများ၊ ကုမ္ပဏီငါးခုမှ ပြခန်းများအပြင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သဘာဝ ပစ္စည်းများဖြင့် စိုက်ပျိုးထားသော သီးပင်စားပင်နှင့် သစ်ပင်ပန်းမန် စိုက်ခင်းများ၊ ဖိုးတောင်သူတဲ အစရှိသည်တို့ကို ပြသွားမည်ဖြစ်ပြီး အခမ်းအနားကျင်းပနိုင်ရေးအတွက် တာဝန် ရှိသူများက သက်ဆိုင်ရာ ကဏ္ဍအလိုက် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ရှိကြောင်း သိရှိရပြီး ကန်ကြီးထောင့် မြို့နယ်၌ တောင်သူလယ်သမားနေ့ အခမ်းအနားကို ၂၀၂၀ ပြည့်နှစ်မှ စတင်ကျင်းပခဲ့ရာ  ယခုနှစ် အပါအဝင် ၃ နှစ်ဆက်တိုက် ကျင်းပပြုလုပ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)