ဝက်လက် ဖေဖော်ဝါရီ ၂၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ် ဦးစီးမှူးရုံးတွင် ယမန်နေ့ နံနက် ၉ နာရီ အချိန်က နွေစပါးနွေသီးနှံ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး နည်းပညာ သင်တန်းကို ဖွင့်လှစ်ကြောင်း သိရသည်။သင်တန်း ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်မှာ နွေသီးနှံများ စိုက်ပျိုးထုတ်လုပ်ရာတွင် စနစ်ကျနစွာ စိုက်ပျိုးကြပြီး အထွက်နှုန်းတိုးတက်မှု ရရှိစေရန်ရည်ရွယ် ဆောင်ရွက်ကြောင်း သိရသည်။
ရှေးဦးစွာ သင်တန်းဖွင့်ပွဲ အခမ်းအနားတွင် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဉာဏ်လှိုင်က အဖွင့်အမှာစကား ပြောကြားပြီးနောက် သင်တန်းကို ဆက်လက်ပို့ချရာတွင် စိုက်ပျိုးရေး ဦးစီးဌာနမှ ဒုတိုင်းဒေသကြီးဦးစီးမှူး ဦးအောင်ကြည်ဝင်းမှ စိုက်ပျိုးနည်းစနစ်များ ရွှေဘိုခရိုင် သီးနှံတာဝန်ခံ ဒေါ်မာချိုမှ ပိုးမွှားရောဂါ ကာကွယ်နှိမ်နင်း နည်းစနစ်များ၊ ခရိုင်မျိုးစေ့ တာဝန်ခံ ဒေါ်မေကြွယ်ဝင်းမှ မျိုးကောင်း မျိုးသန့်များ စိုက်ပျိုးခြင်းဖြင့် ရရှိလာသော အကျိုးကျေးဇူးများ အကြောင်း အသီးသီး သင်တန်းပို့ချကြကြောင်း သိရသည်။
နွေစပါးနွေသီးနှံ ထွက်နှုန်းတိုးတက်ရေး နည်းပညာသင်တန်းသို့ ဝက်လက်မြို့နယ်အတွင်းရှိ ကျေးရွာ ၇ ရွာ မှ တောင်သူ ၅၂ ဦး တက်ရောက်ရာ၊ မုဆိုးခြုံကျေးရွာမှ တောင်သူ ဦးဝင်းမြင့်ထွန်းက စိုက်ပျိုးနည်းစနစ်များကြောင်း သိလိုသည်များကို မေးမြန်ရာတွင် စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိုင်းဒေသကြီး ဦးစီးမှူး ဦးအောင်ကြည်ဝင်းက ပြန်လည်ဖြေကြား ဆွေးနွေး ပေးခဲ့ကြောင်း သိရှိရပါသည်။
စိုးစိုးလှိုင် ( ဝက်လက်)