ဝက်လက်မြို့၌ အသက် ၁၈ နှစ်အထက် ဒေသခံပြည်သူများကို ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံ ပေး

ဝက်လက် ဖေဖော်ဝါရီ ၂၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင် ကြီးကြပ်မှုဖြင့် အသက် ၁၈ နှစ်အထက် ဒေသခံပြည်သူများကို ဒုတိယအကြိမ် ကိုဗစ်-၁၉  ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းကို ယနေ့ နံနက် ၉ နာရီ အချိန်မှ စတင်၍ ဝင်းလဲ့ရွှေရည် ဇာတ်ရုံ အတွင်း ဆက်လက်၍ ထိုးနှံပေးနေကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးမှုကို မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဉာဏ်လှိုင်နှင့် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများက လိုအပ်သော အကူအညီများ ဖြည့်ဆည်းဆောင်ရွက်ပေးနေကြောင်း သိရသည်။

ကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်း ဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ ရောဂါ စည်းကမ်းချက် များနှင့်အညီ တစ်ဦးနှင့်တစ်ဦး သုံးပေအကွာ နေထိုင်စေ၍ ကျန်မာရေးဝန်ထမ်းများက အပူချိန် တိုင်းတာပေးခြင်း၊ သွေးအတွင်းအောက်ဆီဂျင်ပါဝင်မှု ပမာဏ တိုင်းတာပေးခြင်းတို့ကို ဆောင်ရွက်ပေးပြီး မိနစ်သုံးဆယ်အကြာ စောင့်ဆိုင်းစေပြီးမှ ကာကွယ်ဆေး ထိုးနှံပေးရာနေရာမှ ထွက်ခွာခွင့်ပြုကြောင်း သိရသည်။

ဝက်လက်မြို့နယ်အတွင်း ဒေသခံပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံခြင်းလုပ်ငန်းကို ယနေ့တွင် ဒေသခံ ပြည်သူ ၃၂၅ဦး ထိုးနှံ ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်အဆင့် ကိုဗစ် - ၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး ကော်မတီထံမှ သိရှိရပါသည်။

စိုးစိုးလှိုင် ( ဝက်လက်)