လောင်းလုံး ဖေဖော်ဝါရီ ၂၅
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက် (၁၁)နာရီ အချိန်က အထွေထွေအုပ်ချုပ်ရေး်ဦးစီးဌာန၊ ဗထူးခန်းမ၌ ပြုလုပ် ကျင်းပခဲ့ပါသည်။
အဆိုပါပေးအပ်ပွဲတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာမြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးဉာဏ်ဝင်းက ပြောကြားရာတွင် '' ဝန်ကြီးဌာနမှ (၃-၅-၂၀၂၁) မှ ပန်းခင်းစီမံချက်ဖြင့် အကောင်ထည်ဖော် ဆောင်ရွက်ခဲ့ရာတွင် အားလုံးဝိုင်းဝန်းကူညီမှုကြောင့် အတိုင်းအတာ တစ်ခုအထိ အောင်မြင်မှုရခဲ့ပြီ ဖြစ်ပါကြောင်း၊ ဧပြီလကုန်မှာအပြီး ဆောင်ရွက်သွားမှာ ဖြစ်ပါကြောင်း၊ သွေးစစ်ခနှင့် ဓာတ်ပုံရိုက်ခအား အထောက်အထူပြုနိုင် စေရေးအတွက် ပြန်လည်ထုတ်ပေးတာဖြစ်ပါကြောင်း၊ ပြီးစီးမှုရာခိုင်နှုန်နည်းနေပါသော်လည်း အောင်မြင်အောင် ဆောင်ရွက်သွားမှာဖြစ်ပါကြောင်း၊ လာမဲ့နှစ်တွင်လည်း စာသင်ကျောင်းများတွင် ကွင်းဆင်းပြီး ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း "ပြောကြားခဲ့ပါသည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ထိုက် ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဝင် ဗိုလ်မှူးရဲမင်းထွန်း ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမင်းကို၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးဉာဏ်ဝင်းနှင့် တာဝန်ရှိသူများက ကျေးရွာ အုပ်စု(၈)အုပ်စုအတွက် နိုင်ငံသားစီစစ်ရေးကတ်ပြားပေါင်း (၅၁၄) ကတ်အား ကျေးရွာ အုပ်ချုပ်ရေးမှူးများထံသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး သွေးစစ်ခ(၁၅၀၀)နှုန်း၊ ဓာတ်ပုံရိုက်ခ (၁၅၀၀)နှုန်းဖြင့် တစ််ဦးလျှင် (၃၀၀၀)နှုန်း ဖြင့်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။