ပုလောမြို့နယ်တွင် အသက် ၁၈ နှစ်အထက် ပြည်သူများအား  ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိ

ပုလော  ဖေဖော်ဝါရီ      ၂၅

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါကူးစက်မှုနှုန်း လျှော့ချနိုင်ရေးနှင့် ရောဂါကြောင့်သေဆုံးမှုနှုန်းများ ဆက်လက်လျော့ကျလာစေရေး အတွက် အသက် ၁၈ နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းကို  ပုလောမြို့နယ်ခန်းမတွင် ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးရာတွင် ယနေ့ နံနက် (၉)နာရီအချိန်က ကိုဗစ်-၁၉ ကာကွယ်ဆေးလာရောက်ထိုးနှံသူများကို ကာကွယ်ဆေးမထိုးမီ ကိုယ်အပူချိန် တိုင်းတာခြင်း၊ သွေးပေါင်ချိန်တိုင်းတာခြင်း၊ သွေးတွင်း အောက်ဆီဂျင်ပမာဏ တိုင်းတာ ခြင်း နှင့် ကာကွယ်ဆေးထိုး မှတ်တမ်းတွင် စာရင်းရေးသွင်းစေခြင်း၊ ပုံမှန်အနေအထား ရှိမှသာ ကာကွယ် ဆေးထိုးနှံပေးခြင်း၊ ကာကွယ်ဆေးထိုးပြီးချိန်တွင်လည်း နာရီဝက်ခန့် စောင့်ကြည့်၍ လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်း၊  QR Code စနစ်ပါဝင်သည့် ကာကွယ်ဆေး ထိုးမှတ်တမ်းစာရွက်များထုတ်ပေးခြင်းတို့ကို မြို့နယ်ပြည်သူ့ကျန်းရေးဉီးစီးဌာနမှ ကျန်းမာရေး ဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များနှင့် မြို့နယ်အတွင်းရှိ ပရဟိတအသင်း အဖွဲ့ဝင်များက ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး နည်းလမ်းများနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိသည်။

ပုလောမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းလျာထားချက် ရာနှုန်းပြည့်မီရေးအတွက် ရောဂါကြိုတင်ကာကွယ်ရေးနှင့် ဆေးလာရောက်ထိုးနှံကြရန် အသိပညာပေးနှိုးဆော်ခြင်း လုပ်ငန်းများကိုလည်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် တာဝန်ရှိသူများက အရှိန်အဟုန်မပျက် ဆက်လက်၍ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။

အေးအေးမော် (ပုလော)