သာယာဝတီ ဖေဖော်ဝါရီ ၂၅
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် အားကစားနှင့်ကာယပညာ ကော်မတီဥက္ကဋ္ဌဖလား(၈)မြို့နယ် (၄)ပေါက်တန်း အမျိုးသား ဝိုင်းဖွဲ့ခြင်းလုံးခတ် ပြိုင်ပွဲဆုပေးပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၃ က ခရိုင်မိုးလုံလေလုံ အားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
သာယာဝတီခရိုင် အားကစားနှင့်ကာယပညာ ကော်မတီအနေဖြင့် ရိုးရာခြင်းခတ် အားကစားနည်း မတိမ်ကော မပပျောက်စေရေး၊ ထူးချွန်ထက်မြက်သော နိုင်ငံ့ကိုယ်စားပြု ခြင်းခတ် အားကစား သမားကောင်းများ ပေါ်ထွက်လာစေရေးတို့အတွက် ခြင်းလုံးခတ်ပြိုင်ပွဲများ ကျင်းပဆောင်ရွက်လျက်ရှိရာ ပြိုင်ပွဲတွင် ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် သာယာဝတီမြို့နယ်နှင့် ဇီးကုန်းမြို့နယ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ပြီး ဇီးကုန်းမြို့နယ်အသင်းမှ အနိုင်ရရှိခဲ့သည်။
အဆိုပါ ပြိုင်ပွဲ၌ (၄)ပေါက်တန်း အမျိုးသားခြင်းလုံးခတ်ပြိုင်ပွဲတွင် ပူးတွဲတတိယဆုရရှိသော နတ်တလင်းမြို့နယ်နှင့် ကြို့ပင်ကောက်မြို့နယ်အသင်း တို့အား တတိယဆုတံဆိပ်ဆွဲပြားနှင့် ငွေသား တစ်သိန်းကျပ်စီအား ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မျိုးမျိုးခိုင်နှင့် မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇော်လွင်ဦး တို့က လည်းကောင်း၊ ဒုတိယဆုရရှိသော သာယာဝတီမြို့နယ်အသင်းအား ဒုတိယဆု တံဆိပ်ဆွဲပြားနှင့် ငွေသား တစ်သိန်းငါးသောင်းကျပ်၊ ပထမဆုရရှိသော ဇီးကုန်းမြို့နယ်အသင်းအား ပထမဆု တံဆိပ်ဆွဲပြားနှင့် ငွေသားနှစ်သိန်းကျပ်အား ခရိုင်အားကစားမှူး လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်သူဇာအောင်ကလည်းကောင်း၊ ပထမတံခွန်စိုက်ဆုအား ခရိုင်ရဲတပ်ဖွဲ့မှူး (ယာယီ) ဒုရဲမှူးကြီး ဉာဏကလည်းကောင်း အသီးသီးဆုများ ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
သန့်ဇော်