ကျွန်းစု ဖေဖော်ဝါရီ ၂၅
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်တားဆီးရေးနှင့် တုံ့ပြန်ရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ်ကာလအတွင်း ဈေးဆိုင်များမှတစ်ဆင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ယနေ့ နံနက်(၈)နာရီအချိန်က ဈေးအတွင်းရှိ ဆိုင်များနှင့် မြို့ပေါ်ရပ်ကွက်များရှိ စားသောက်ဆိုင်များက ကိုဗစ်-၁၉ ရောဂါ သတ်မှတ်စည်းကမ်းချက်များနှင့် အညီ ရောင်းချနေမှု ရှိ/မရှိ ကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
စစ်ဆေးရာတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမိုးအောင်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ အမှုဆောင်အရာရှိ ဦးထွန်းထွန်းဦးနှင့် ဝန်ထမ်းများ၊ မြို့နယ် မီးသတ်စခန်းမှူး ဦးဝင်းဇော်မိုးနှင့် တပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ် ရေးမှူးတို့ ပူးပေါင်း၍ မြို့မဈေးအတွင်း ကုန်စိမ်းရောင်းချသူများ၊ သား၊ ငါးနှင့် ဟင်းသီးဟင်းရွက် ရောင်းချသည့် ပျံကျဈေးသည်များ၊ ဈေးရောင်းသူ/ဝယ်သူများနှင့် မြို့ပေါ်ရပ်ကွက်များရှိ စားသောက် ဆိုင်များက ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အမိန့်၊ ညွှန်ကြားချက်၊ စည်းမျဉ်းစည်းကမ်းများကို တိကျစွာလိုက်နာမှု ရှိ/မရှိကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
စည်သူရအောင်(ကျွန်းစု)