ပခုက္ကူမြို့တွင် ကမ်းပြိုကာကွယ်ရေးအတွက် ကျောက်စီမြေထိန်းနံရံ တည်ဆောက်မှုလုပ်ငန်း ၉၀ ရာခိုင်နှုန်းကျော်ပြီးစီး

ပခုက္ကူ ဖေဖော်ဝါရီ ၂၅

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အမှတ်(၁)ရပ်ကွက်၊ ရွှေချောင်းတံတားအနီးတွင် ရွှေချောင်းရေကြီးပြီး ကမ်းပါးပြိုကျမှု အန္တရာယ်မှ ကင်းဝေးစေရေးအတွက် ကာကွယ်နိုင်ရေးအတွက် ၂၀၂၁-၂၀၂၂ခု၊ ဘဏ္ဍာရေးနှစ်၊ မကွေးတိုင်းဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ခွင့်ပြုရန်ပုံငွေဖြင့် ကျောက်စီမြေထိန်းနံရံ တည်ဆောက်ပေးလျက်ရှိရာ ယခုအခါ ၉၀ရာနှုန်းကျော် တည်ဆောက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

ပခုက္ကူမြို့၊ အမှတ်(၁)ရပ်ကွက်သည် ဧရာဝတီမြစ်ကြီးအတွင်း ဝင်ရောက်စီးဆင်းသော ရွှေချောင်းအတွင်းတည်ရှိပြီး ရွှေချောင်းတံတားလည်း တည်ဆောက်ထားရှိကြောင်း၊ အဆိုပါရပ်ကွက်နေပြည်သူများမှာ မိုးရာသီကာလများတွင် ရွှေချောင်း ရေတိုက်စားမှုကြောင့် ကမ်းပါးပြိုကျမှုပြီး လူနေအိမ် ပြောင်းရွှေ့ရသည့် အန္တရာယ်များ နှစ်စဉ်ကြုံတွေ့နေရကြောင်း၊ အဆိုပါ သဘာဝဘေးအန္တရာယ်တို့မှ ကင်းဝေးစေရးအတွက် ရပ်ကွက်နေပြည်သူများက ကမ်းပြိုကာကွယ်ရေးလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်ရေး တင်ပြတောင်းခံခဲ့သဖြင့် မကွေးတိုင်းဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၁-၂၀၂၂ခု၊ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေကျပ် ၂၈၅သန်းဖြင့် တင်ဒါအောင်မြင်သော ဂုဏ်ရောင်ထွန်းကုမ္ပဏီက တာဝန်ယူဆောင်ရွက်လုပ်ကိုင်ရန် ခွင့်ပြုချထားပေးခဲ့ကြောင်း၊ အဆိုပါ ကုမ္ပဏီက ဇန်နဝါရီလ ၁ရက်နေ့မှစတင်၍ အလျား ၆၅၀ပေအရှည်ရှိ ကွန်ကရစ်ပိုင်းအခြေပြု ကျောက်စီမြေထိန်းနံရံ ကမ်းပြိုကာကွယ်ရေး လုပ်ငန်းကို တာဝန်ယူ အကောင်အထည်ဖော် တည်ဆောက်ခဲ့ရာ ယခုအခါ တည်ဆောက်မှုလုပ်ငန်း ၉၀ရာခိုင်နှုန်းကျော် တည်ဆောက် ပြီးစီးနေဖြစ်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ထံကသိရသည်။

အဆိုပါ ကွန်ကရစ်ပိုင်းအခြေပြုကျောက်စီမြေထိန်းနံရံကို ၂၀၂၂ခုနှစ်၊ မတ်လကုန်အပြီး တည်ဆောက်သွားမည်ဖြစ်ပြီး လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပါက ပခုက္ကူမြို့၊ အမှတ်(၁)ရပ်ကွက်၊ ရွှေချောင်းနံဘေးရှိ ရပ်ကွက်နေပြည်သူများအနေဖြင့် ချောင်းရေတိုက်စားပြီး ကမ်းပါးကမ်းပြိုကျမှုတို့ကြောင့် နှစ်စဉ် လူနေအိမ်များ ရွှေ့ပြောင်းနေရသည့်ဘေးအန္တရာယ်တို့မှ ကင်းဝေးကြတော့မည်ဖြစ်ကြောင်း သိရသည်။

ဆလိုင်းကိုကီး(မဟာဝိဇ္ဇာ)