မုံရွာ ဖေဖော်ဝါရီ ၂၅
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ဆီကုန်သည်လုပ်ငန်းရှင်အသင်းတို့ ပူးပေါင်းစီစဉ်မှုဖြင့် စားသုံးသူပြည်သူများ ဈေးနှုန်းသက်သာစွာ ဝယ်ယူရရှိနိုင်စေရန် ရည်ရွယ်၍ ဗဟိုဘဏ်မှရည်ညွှန်းငွေလဲနှုန်းဖြင့် တိုက်ရိုက်ရောင်းချပေးသည့် နိုင်ငံခြားငွေ အမေရိကန် ဒေါ်လာဖြင့် မှာယူတင်သွင်းခဲ့သော စားသုံးဆီအရောင်းဆိုင်များအား မုံရွာခရိုင်၊ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ၊ ဌာနဆိုင်ရာများပါဝင်သော ခရိုင်ကွင်းဆင်း စစ်ဆေးကြပ်မတ်ရေး ပူးပေါင်းအဖွဲ့တို့သည် ယမန်နေ့ နံနက်က မုံရွာမြို့ပေါ်ရှိ စားသုံးဆီ အရောင်းဆိုင်များနှင့် ချင်းတွင်း ရတနာဈေး၊ သီရိရတနာဈေး၊မြသလ္လာဈေးများရှိ စားသုံးဆီအရောင်းဆိုင်များသို့ စားသုံးဆီ ရောင်းချရာတွင် အလေးချိန်မှန်ကန်မှု ရှိ/မရှိ၊ သတ်မှတ်ထားသော အထူးဈေးနှုန်းဖြင့် ရောင်းချ ပေးခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။
ပူးပေါင်းအဖွဲ့သည် ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူကာကွယ်ရေးနှင့် ထုတ်ကုန် လုံခြုံစိတ်ချရမှုရှိစေရေးအတွက် စားသုံးသူများ ထင်ယောင်ထင်မှား မဖြစ်စေရန်၊ အခြေခံ လိုအပ်ချက်အပေါ် စိတ်ကျေနပ်မှုရရှိစေရန်၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချနေသော ဟင်းသီးဟင်းရွက်ဆီ (Vegetable Oil, Cooking Oil) များနှင့်ပတ်သက်၍ ဖော်ပြချက်များအပေါ် ကုန်စည်၏အမျိုးအမည်ကို ဟင်းသီး ဟင်းရွက်ဆီ(စားအုန်းဆီ) သို့မဟုတ် ဟင်းသီးဟင်းရွက်ဆီ(အဆင့်မြင့်စားအုန်းဆီ)ဟုလည်းကောင်း၊ အသားတင်ပမာဏနှင့် အရွယ်အစားတို့အား မြန်မာအလေးချိန်ဖြစ်သော ပိဿာ၊ ကျပ်သား တို့ဖြင့်လည်းကောင်း မြန်မာဘာသာဖြင့် တိကျစွာ ဖော်ပြရမည်ဖြစ်ကြောင်း၊ ဟင်းသီးဟင်းရွက်ဆီ တင်သွင်း၊ ထုတ်လုပ်၊ ဖြန့်ဖြူး၊ ရောင်းချမှုတို့နှင့်ပတ်သက်၍ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် (၁/၂၀၂၁) ညွှန်ကြားချက်သည် ထုတ်ပြန်သည့် (၂၀.၁၂.၂၀၂၁)ရက်နေ့မှစ၍ (၆)လ ပြည့်မြောက်ပြီးသည့်နေ့တွင် စတင်အာဏာ သက်ရောက်မည်ဖြစ်ကြောင်း၊ ညွှန်ကြားချက်အား လိုက်နာမှုမရှိပါက စားသုံးသူကာကွယ်ရေး ဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်းတို့ကို ရှင်းလင်းဆွေးနွေးခဲ့ပြီး (၁/၂၀၂၁) ညွှန်ကြားချက်စာစောင်အား စားသုံးဆီအရောင်း ဆိုင်ပိုင်ရှင်များထံ အသိပညာပေး ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
ခရိုင် ပြန်/ဆက်