ငဖဲမြို့နယ် ပင်ဦးကျေးရွာ(အ.လ.က)မှ ကျောင်းသားကျောင်းသူ(၄၆)ဦးအား ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်း ပြုလုပ်ပေး

ငဖဲ ဖေဖော်ဝါရီ ၂၅

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာနရုံးမှ ဒေသခံပြည်သူများနှင့် ကျောင်းသားကျောင်းသူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် နိုင်ငံသားစိစစ်ရေးကတ်ပြား မရရှိသေးသူများနှင့် အိမ်ထောင်စု လူဦးရေစာရင်း ပြုလုပ်လိုသူများကို ပန်းခင်းစီမံချက်ဖြင့် ရပ်ကွက်/ကျေးရွာ၊ စာသင်ကျောင်းများအရောက် အခမဲ့ ကွင်းဆင်းဆောင်ရွက် ပေးလျက်ရှိရာ ယမန်နေ့ မွန်းလွဲပိုင်းက ပင်ဦးကျေးရွာအုပ်စု ပင်ဦးကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူ (၄၆)ဦးအား နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို အခမဲ့ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ငဖဲမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနရုံးမှ ဒုလဝကမှူး ဦးမျိုးမင်းကျော် နှင့်ဝန်ထမ်းများက ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ အခမဲ့ ပြုလုပ်ဆောင်ရွက် ပေးရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး စနစ်တကျ ထိန်းသိမ်းကိုင်တွယ်အသုံးပြုရန် ပြောကြားကာ နိုင်ငံသား စိစစ်ရေးကတ်ပြား မပြုလုပ်ရသေးသူ အသက်(၁၀)နှစ်ပြည့် ၃(က) ပြုလုပ်သူ ကျောင်းသား (၁၈)ဦး နှင့် ကျောင်းသူ (၂၈)ဦး စုစုပေါင်း ကျောင်းသား ကျောင်းသူ (၄၆)ဦး တို့အား အထောက်အထားများစိစစ်ကာ ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မယု (ငဖဲ)