ဆင်ပေါင်ဝဲ ဖေဖော်ဝါရီ ၂၄
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် မြစ်ကမ်းနားတစ်လျောက် ကျေးရွာများအနေဖြင့် နေရောင်ခြည်စွမ်းအင်ကို အကျိုးရှိစွာ အသုံးချပြီး ရေလိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန်အတွက် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးဇော်မင်းဦး၊ Pro Engineering CO.LTD မှ တာဝန်ရှိသူများ အဖွဲ့သည် ယနေ့နံနက် ၁၁ နာရီ မိနစ် ၃၀ က ထူးပေါက် ကျေးရွာတွင် စိုက်ပျိုးရေး လုပ်ငန်းသုံး ဆိုလာရေတင်ပန့် သရုပ်ပြမိတ်ဆက်ရှင်းလင်းပွဲကို ဆောင်ရွက်ခဲ့သည်။
အဆိုပါ သရုပ်ပြ မိတ်ဆက်ရှင်းလင်းပွဲတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်မင်းဦးက ဆင်ပေါင်ဝဲမြို့နယ်တွင် စိုက်ပျိုးရေးကို အဓိက ထားလုပ်ကိုင်နေသော တောင်သူများစွာရှိသောကြောင့် ယခုလို ဆိုလာရေတင်ပန့်ကို သရုပ်ပြ မိတ်ဆက်ရှင်းလင်းပေးရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်ပြီး ၊Pro Engineering CO.LTD မှ တာဝန်ရှိသူက ဆိုလာရေတင်ပန့် အမျိုးအစား (၃)မျိုးရှိကြောင်း၊ ၅၅၀ ဝပ်၊ ၇၅၀ ဝပ်နှင့် ၁၅၀၀ ဝပ်တို့ဖြစ်ရာ ပါဝင်သည့်ပစ္စည်းများနှင့်တကွ စျေးနှုန်းများကိုပါ အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ပြီး ဝယ်ယူမည့် တောင်သူများ၏ လိုအပ်ချက်များကိုလည်း ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ချိုချိုဝင်း(ဆင်ပေါင်ဝဲ)