ကန့်ဘလူမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေး

ကန့်ဘလူ ဖေဖော်ဝါရီ ၂၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို ဆက်လက်ဆောင်ရွက် ပေးလျက်ရှိရာ အသက် ၁၈ နှစ်နှင့်အထက်ပြည်သူများအား ကာကွယ်ဆေး Phase-6 ဒုတိယအကြိမ် ထိုးနှံခြင်းကို ယနေ့နံနက် ၈ နာရီကစတင်၍ ကန့်ဘလူမြို့ ခုတင် ၁၀၀ ပြည်သူ့ ဆေးရုံတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အသက် ၁၈ နှစ်နှင့်အထက်ပြည်သူများအား ကာကွယ်ဆေးထိုးနှံပေးရာ၌ ကျန်းမာရေး ဝန်ကြီးဌာမှ သတ်မှတ်ထားသည့် ကိုဗစ်-၁၉ ရောဂါ စည်းကမ်းချက်များနှင့်အညီ မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သူနာပြုများ၊ ကျန်းမာရေး ဝန်ထမ်းများက ထိုးနှံပေးလျက်ရှိပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့ ဝင်များ၊ လူမှုကူညီရေးအသင်းအဖွဲ့ဝင်များက လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးလျက်ရှိ​​ကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေး Phase- 6 ဒုတိယအအကြိမ် ထိုးနှံပေးခြင်းကို ဖေဖော်ဝါရီ ၂၄ ရက်မှ ၂၈ ရက်နေ့အထိ ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)