ပခုက္ကူမြို့နယ်လုံးကျွတ် “ပန်းခင်းစီမံချက်” လျာထားချက်လုပ်ငန်းများ ရာနှုန်းပြည့် အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီး

ပခုက္ကူ ဖေဖော်ဝါရီ ၂၄

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပခုက္ကူမြို့နယ် ဦးစီးမှူးရုံးအနေဖြင့် “ပန်းခင်းစီမံချက်” ဖြင့် ၂၀၂၁ ခုနှစ်၊ မေလ ၃ ရက်နေ့မှ စတင်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းများ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ ကျေးရွာအုပ်စုအုပ်ချုပ် ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြရာ ယခုအခါ မြို့နယ်လုံးကျွတ် “ပန်းခင်းစီမံချက်” လျာထားချက်လုပ်ငန်းများ ရာနှုန်းပြည့် အကောင် အထည်ဖော် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးထိန်လင်းသိန်း၏ အနီးကပ်ကြီးကြပ်မှုဖြင့် မြို့နယ်ဦးစီးမှူး ဦးအောင်မျိုးထွန်း ဦးဆောင်၍ မြို့နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများက မြန်မာနိုင်ငံသား ဖြစ်ကြသည့် တိုင်းရင်းသားများနှင့် ဥပဒေအရ နိုင်ငံသား များအား ဥပဒေနှင့် အညီ အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုး ထုတ်ပေးနိုင်ရေးတို့အတွက် “ပန်းခင်းစီမံချက်” ကာလ ၂၀၂၁ ခုနှစ်၊ မေလ ၃ ရက်နေ့မှ ၂၀၂၂ခုနှစ်၊ အောက်တိုဘာလ ၃ရက်နေ့အထိ (၁၈)လတာအတွင်း အကောင်အထည်ဖော် ဆောင်ရွက်ရမည့် ပမာဏမှာ (၁၆၈၅၈)ဦးဖြစ်ပြီး လုပ်ငန်းစတင်သည့်ရက်မှ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်နေ့အထိ (၉)လတာ ကာလအတွင်း (၁၈၉၀၇) ဦးအထိ ဆောင်ရွက်ပြီးစီးခဲ့ကြောင်း၊  လုပ်ငန်းလျာထားချက်နှင့် နှိုင်းယှဉ်လျှင် လူဦးရေ (၂၀၄၉)ဦးအထိ ပိုမိုအကောင်အထည်ဖော် ဆောင်ရွက်ခဲ့သောကြောင့် (၁၁၂)ရာခိုင်နှုန်းရှိကြောင်း၊  ထို့အပြင် “ပန်းခင်းစီမံချက်” အပါအဝင် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများရှိ ပြည်သူများ၏ အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေးအတွက် ၂၀၂၁ ခုနှစ်၊ မေလ ၃ ရက် နေ့မှ စတင်ကာ စိစစ်ဆောင်ရွက်ပေးလျက်ရှိရာ လက်ရှိအချိန်ထိ အသက် ၁၆ နှစ်နှင့် ၁၈ နှစ်အကြား နိုင်ငံသားစိစစ်ရေးကတ်ပြား ၁၆၃၂ ကတ်၊ အသက် ၁၈ နှစ်အထက် နိုင်ငံသားစိစစ်ရေးကတ်ပြား ၁၇၂၇၅ ကတ်၊ နိုင်ငံသားစိစစ်ရေးကတ်ပြား (လဲလှယ်) ၁၆၃၁ ကတ်၊ ပျောက်ဆုံး၊ ပျက်စီးသည့် နိုင်ငံသားစိစစ်ရေး ကတ်ပြား (မိတ္တူ)  ၁၄၃၇ ကတ်၊ စုစုပေါင်း နိုင်ငံသားစိစစ်ရေးကတ်ပြား ၂၁၉၇၅ ကတ်တို့ကို စိစစ် ဆောင်ရွက်ပြီးစီးသည့်အပြင် အိမ်ထောင်စုလူဦးရေစာရင်း ၃၈၈ စု၊ လူဦးရေ ၈၁၁ ဦးတို့အတွက်လည်း အိမ်ထောင်စုလူဦးရေစာရင်းများ ရရှိကိုင်ဆောင်နိုင်အောင် ဆောင်ရွက်ပြီးစီးခဲ့ကြောင်း၊ ဆောင်ရွက်ပြီးစီးသည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် အိမ်ထောင်စုလူဦးရေစာရင်းများကို သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပြည်သူများ လက်ဝယ်အရောက် ပေးအပ်ပြီးဖြစ်ကြောင်း၊ ကျန်ရှိနေသေးသည့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းများကိုလည်း ဆက်လက် ကွင်းဆင်းဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးအောင်မျိုးထွန်းက ပြောသည်။

အဆိုပါ အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်အမျိုးမျိုးထုတ်ပေးရေး “ပန်းခင်းစီမံချက်” လုပ်ငန်းမှာ လက်ရှိဇာတိတွင် အမြဲတမ်းနေထိုင်၍ အိမ်ထောင်စုလူဦးရေစာရင်းရှိပြီး ကိုင်ဆောင်လက်မှတ်မရှိသူများ၊ လက်ရှိဇာတိဒေသတွင် အိမ်ထောင်စု လူဦးရေစာရင်းမရှိ ကိုင်ဆောင် လက်မှတ်မရှိသူများ၊ ရွှေ့ပြောင်းနေထိုင်သူများအတွက် မူလဒေသတွင် အိမ်ထောင်စုလူဦးရေစာရင်းရှိသော် လည်း လက်ရှိဒေသတွင် ကိုင်ဆောင်လက်မှတ်မရှိသူများ၊ ရွှေ့ပြောင်းနေထိုင်သူများအတွက် မူလဒေသတွင် အိမ်ထောင်စု လူဦးရေစာရင်းနှင့် ကိုင်ဆောင်လက်မှတ်မရှိ၊ လက်ရှိရောက်ရှိရာ ဒေသတွင်လည်း အိမ်ထောင်စု လူဦးရေစာရင်းနှင့် ကိုင်ဆောင်လက်မှတ်မရှိသူများ၊ ၂၀၂၁ ခုနှစ်၊ ဧပြီလ ၁ရက်နေ့မှ ၂၀၂၂ခုနှစ်၊ ဧပြီလ ၁ ရက်နေ့အတွင်း တိုးလာမည့် အသက်(၁၈)နှစ်နှင့် အထက်ရှိသူများကို အိမ်ထောင်စု လူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်ခွင့်ရရှိနိုင်ရေးတို့အတွက် ရည်ရွယ်ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ ထို့အပြင် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား ထုတ်ပေးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အထောက် အထား မပြည့်စုံသူများကိုလည်း မြို့နယ်လဝကဦးစီးမှူး အပါအဝင် မြို့နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးနှင့် ကျန်းမာရေးဦးစီးဌာနတို့မှ ကိုယ်စားလှယ် တစ်ဦးစီနှင့် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတို့ ပါဝင်သည့် ငါးဦးကော်မတီတို့က စစ်ဆေးအတည်ပြု၍ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဆလိုင်းကိုကီး(မဟာဝိဇ္ဇာ)