မော်လိုက် ဖေဖော်ဝါရီ ၂၄
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့နယ်တွင်းရှိ ပြည်သူများအတွက် ကိုဗစ်-၁၉ရောဂါ ကာကွယ် ဆေးထိုးနှံခွင့် ရရှိစေရန် ရပ်ကွက်/ကျေးရွာများအရောက် ကွင်းဆင်းထိုးနှံ ပေးလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်(၂)ရပ်ကွက်နှင့် ကျေးရွာ(၃)ရွာတို့တွင် ကွင်းဆင်း ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ကွင်းဆင်းထိုးနှံပေးရာတွင် ကာကွယ်ဆေး လာရောက် ထိုးနှံသူများအား မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ဝန်ထမ်းများ၊ ကျန်းမာရေး ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးများက စာရင်းမှတ်တမ်းရွေးသွင်းခြင်း၊ သွေးပေါင်ချိန်တိုင်းတာ စစ်ဆေးခြင်းနှင့် သွေးအတွင်း အောက်ဆီဂျင် တိုင်းတာခြင်းများကို ဆောင်ရွက်ပေးခဲ့ကြပြီး စိတ်ချရသူများ အား ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို စနစ်တကျ ထိုးနှံပေးခဲ့ကြသည်။
အဆိုပါ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ကွင်းဆင်း ထိုးနှံရာတွင် ယနေ့တွင် တံတားဦး ရပ်ကွက်နှင့် အောင်ရတနာရပ်ကွက်တို့မှ ပထမအကြိမ်အနေဖြင့် ပြည်သူ(၃၀)ဦး၊ ဒုတိယအကြိမ် အနေဖြင့် ပြည်သူ(၃၃)ဦး၊ လောင်းကောင်းကျေးရွာတွင် ဒုတိယအကြိမ် အနေဖြင့် ပြည်သူ(၂၂)ဦး၊ ပင်သာကျေးရွာတွင် ဒုတိယအကြိမ်အနေဖြင့် ပြည်သူ(၁၁)ဦးနှင့် တောင်းအင်ကျေးရွာတွင် ပထမအကြိမ်အနေဖြင့် ပြည်သူ(၂၀)ဦး၊ ဒုတိယအကြိမ်အနေဖြင့် ပြည်သူ(၁၁) စုစုပေါင်း ပြည်သူ(၁၂၇)ဦးတို့အား ထိုးနှံပေးနိုင်ခဲ့ကြောင်း သိရသည်။
မော်လိုက်သားလေး