သာယာဝတီခရိုင် လူထုအခြေပြုဗဟိုဌာန၌ (Book Club) အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်

သာယာဝတီ     ဖေဖော်ဝါရီ ၂၄

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် မြို့နယ်အတွင်း စာပေချစ်မြတ်နိုးတန်ဖိုး ထားသူများ အသိပညာဗဟုသုတ ပိုမိုတိုးပွားလာစေရန်နှင့် စာပေမှရသော အသိအမြင် ဗဟုသုတများကို အသုံးချနိုင်စေရန် ရည်ရွယ်၍  စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း(မြို့နယ်စာရေးဆရာအသင်း)နှင့် ပူးပေါင်း၍ ယနေ့နံနက် ၁၀ နာရီက ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ စာဖတ်ဝိုင်းတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်မျိုးမျိုးခိုင်က ပြည်သူများအနေဖြင့် အသက်အရွယ် အလိုက် စာအုပ်စာစောင်များအား ဖတ်ရှုလေ့လာပြီး ဗဟုသုတအတွေးအမြင်များရရှိပြီး ကိုယ်တိုင်စဉ်းစား ဆုံးဖြတ်တတ်သော အတွေးအခေါ်အမျှော်အမြင်များ ရရှိလာစေရေးနှင့် စာအုပ်စာစောင်များကို လေ့လာဖတ်ရှုတတ်သော အလေ့ အကျင့်ကောင်းများ ရရှိလာစေရေးအတွက် ရည်ရွယ်၍ စာဖတ်ဝိုင်းများကို လစဉ်ကျင်းပပြုလုပ်ပေးလျက်ရှိကြောင်း ပြောကြား သည်။

 

ဆက်လက်ပြီး စာရေးဆရာ ရနံ့သိုက် ရေးသားသည့် "သင့်အနာဂတ်ကို သင်ကိုယ်တိုင် ဖန်တီးယူပါ" စာအုပ်ပါအကြောင်း အရာများကို မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးထွန်းထွန်း လင်း (ပန်းတကာမောင်ထွန်း)က "သင့်အနာဂတ်ကို သင်ကိုယ်တိုင် ဖန်တီးယူပါ" ခေါင်းစဥ်ဖြင့်လည်းကောင်း၊ အတွင်းရေးမှူး မိုးသည်းအောင်(ပန်းမြေ)က"ပျော်ရွှင်ချင်လျှင် ရည်မှန်းချက်ထား" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အဖွဲ့ဝင် ဦးတင်လှိုင်(တင်လှိုင်-သာယာဝတီ) က "ရည်ရွယ်ချက်မှ အောင်မြင်မှုသို့" ခေါင်းစဉ်များဖြင့် ဆွေးနွေးရာ စာပေချစ်မြတ်နိုးသူ ဝါသနာရှင်များက အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သန့်ဇော် (သာယာဝတီ)