ထားဝယ်မြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် လူစည်ကားသောနေရာများတွင် အသိပညာပေး လုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

ထားဝယ် ဖေဖော်ဝါရီ ၂၄

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့တွင် လက်ရှိဖြစ်ပေါ်နေသော ကိုဗစ်-၁၉ ရောဂါပိုး မျိုးရိုးဗီဇအသစ် အိုမီခရွန်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ယနေ့နံနက်ပိုင်းက ကမြောကင်းလမ်းနှင့် စျေးများတွင် မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့များက အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထို့နောက် ကြက်ခြေနီသူနာပြုတပ်ဖွဲ့များက  သွားလာလျက်ရှိသော အများပြည်သူများအား နှာခေါင်း စည်း Μask တပ်စေလိုသောအားဖြင့်  အများပြည်သူများအား နှာခေါင်းစည်း Μask များ ဖြန့်ဝေပေးခြင်း၊ အများပြည်သူမြင်နိုင်သော နေရာများတွင် အသိပညာပေးပိုစတာများ ကပ်ပေးခြင်းနှင့် ကိုဗစ်-၁၉ရောဂါ ကူးစက်မှု မဖြစ်စေရန်ဆောင်ရန်/ ရှောင်ရန် အချက်များပါရှိသည့် လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပေးခဲ့သည်။

ဆက်လက်၍ ထားဝယ်မြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှူး ဦးကိုကိုနိုင်နှင့်အဖွဲ့များက ပြည်သူ များအနေဖြင့် နေအိမ် ပြင်ပထွက်ခွာပါက နှာခေါင်းစည်း Μask စနစ်တကျ တပ်ဆင်ပြီးမှသွားလာကြရန်၊ တစ်ဦးနှင့်တစ်ဦး(၆)ပေအကွာမှ နေထိုင်ကြရန်၊ လက်ကိုစက္ကန့်၂၀ အကြာ မကြာခဏဆေးကြောပေးရန်၊ နေအိမ်ရှိအသက်(၆၀)နှစ်အထက်အသက်ရွယ် ကြီးရင့်သူများ၊ သွေးတိုး၊ ဆီးချို၊ နှလုံးနှင့် နာတာရှည် ရောဂါ အခံရှိသူများနှင့်အနီးကပ်နေထိုင်ခြင်း၊ အတူစားသောက်ခြင်းမှ ရှောင်ကျဉ်ရန်၊ ပါးစပ် နှာခေါင်း စည်း မတပ်ဆင်ထားသော စျေးရောင်းချသူများထံမှစျေးမဝယ်ကြရန်၊ ကိုဗစ်-၁၉ ရောဂါ သံသယ လက္ခဏာ များပေါ်ပေါက်လာပါက နီးစပ်ရာကျန်းမာရေးဌာနသို့ ချက်ချင်းအကြောင်းကြား၍ ဆေးကုသမှုခံယူပါရန်နှင့် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသောကိုဗစ်-၁၉ ရောဂါ ကူးစက်မှု မဖြစ်စေရေး အသိပညာပေးလုပ်ငန်းများကို လိုက်လံနှိုးဆော်ပေးခဲ့ပြီး ညနေပိုင်းတွင် အသိပညာပေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ရွှေပင်လယ်(ထားဝယ်)