မြို့သစ် ဖေဖော်ဝါရီ ၂၄
စစ်ကိုင်းဒေသကြီး၊ တမူးခရိုင်၊ မြို့သစ်မြို့ စိုက်ပျိုးရေးဦးစီးဌာန မြို့ဦးစီးမှူးရုံးတွင် တောင်သူ များအား နာဂဒေသနှင့် နယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းလုပ်ငန်းအတွက် မျိုးစေ့နှင့် ပျိုးပင်များ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁ဝ နာရီ ၃၀ အချိန်က ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့သစ်မြို့၊ မြို့အုပ်ချုပ်ရေးမှူး ဦးရဲဇော်မင်းက အဖွင့်အမှာစကား ပြောကြား ပြီး ခရိုင်မြေအသုံးချရေးတာဝန်ခံ ဦးစီးအရာရှိ ဦးမျိုးနိုင်က အခမ်းအနား ကျင်းပရခြင်း ရည်ရွယ်ချက်နှင့် သစ်စိမ်းမြေသြဇာအကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ ခရိုင် သီးနှံကာကွယ်ရေးတာဝန်ခံ ဦးစီးအရာရှိ ဦးဇော်ထွန်းက ပိုးသတ်ဆေးအကြောင်းကို ဆွေးနွေး ခဲ့ပြီး မြို့သစ်မြို့ မြို့ဦးစီးမှူး ဦးအောင်ကိုဦးက ကြက်မောက်စိုက်ပျိုးနည်း အကြောင်းကို ရှင်းလင်းဆွေးနွေးခဲ့သည်။
ထို့နောက် တက်ရောက်လာကြသည့် တောင်သူများအား မြို့သစ်မြို့ မြို့အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက မျိုးစေ့နှင့် ပျိုးပင်များ ထောက်ပံ့ပေးအပ်ခဲ့သည်။ ၎င်းနောက် မြို့ဦးစီးမှူးမှ အပင်စိုက်ပျိုးနည်းများကို လက်တွေ့စိုက်ပျိုးပြသခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် အုန်းချိုမွှေး၊ ကြက်မောက်၊ ကျွဲကော အပင်ပေါင်း(၁၂၀၀)ပင်နှင့် ဝဥမျိုးများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဝန်ထမ်းများနှင့် တောင်သူများ တက်ရောက် ခဲ့ကြောင်း သိရသည်။
စန္ဒာ(ပြန်/ဆက်)