ဆင်ပေါင်ဝဲမြို့တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန်ရောဂါပိုး ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်မှုများဆောင်ရွက်

ဆင်ပေါင်ဝဲ ဖေဖော်ဝါရီ ၂၄

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၊ အမှတ်(၁၊၂၊၃) ရပ်ကွက်အတွင်း ကိုဗစ်-၁၉ ဗီဇပြောင်း မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကူးစက်ပြန့်ပွားမှုကို ကာကွယ်တားဆီး ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးခြင်းလုပ်ငန်းများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာကြစေရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် အသိပညာပေး နှိုးဆော်မှုလုပ်ငန်းကို ယမန်နေ့ နံနက်(၁၀)နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှ ဝန်ထမ်းများသည် ဌာနဆိုင်ရာများနှင့် ပူးပေါင်းပြီး အရှိန်အဟုန်မပျက် ဆောင်ရွက်လျက် ရှိသည်။

အဆိုပါ နှိုးဆော်ချက်များတွင် အခြားသူများထံသို့ သွားရောက်လည်ပတ်ခြင်း မပြုကြရန်၊ အရာ ဝတ္ထုပစ္စည်းများကို ကိုင်တွယ်ပြီးတိုင်း လက်ကိုစနစ်တကျ ဆပ်ပြာဖြင့် ဆေးကြောရန်၊ မျက်စိ၊ နှာခေါင်း၊ ပါးစပ်တို့ကို လက်ဖြင့် ထိတွေ့ခြင်းမှ ရှောင်ကြဉ်ကြရန်၊ အပြင်သွားပါက နှာခေါင်းစည်းများ တပ်ဆင်ရန်၊ ကျန်းမာရေးဝန်ကြီးဌာနက အချိန်နှင့် တစ်ပြေးညီ ထုတ်ပြန်သော ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ပေးကြပါရန်၊ မိမိတို့၌ ရောဂါပိုးရှိ သည်ဟု သံသယဝင်ပါက နီးစပ်ရာ ကျန်းမာရေးဌာနသို့ ဆက်သွယ်ပြီး ဆေးကုသမှုခံယူကြရန်၊ ကိုဗစ်-၁၉ ရောဂါ ကွင်းဆက်ပြတ်တောက်စေရန်အတွက် ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းများ တွင် မိဘပြည်သူများအားလုံး ပူးပေါင်းပါဝင် ပေးကြပါရန်၊ ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန်ကြိုတင်ကာကွယ်ရေးနှင့် ပတ်သက်သည့် အချက်များကို အသံချဲ့စက်ဖြင့် လှည့်လည် အသိပညာပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။

ချိုချိုဝင်း(ပြန်ဆက်)