ကော့သောင်း သြဂုတ် ၂၈
ကော့သောင်းမြို့ပေါ်ရပ်ကွက်များအတွင်းရှိ ဆေးဝါးအရောင်းဆိုင်များ၊ စတိုးဆိုင်များနှင့် ဈေးဆိုင်များတွင် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးဆိုင်ရာ ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ ဈေးနှုန်းမြှင့်တင်ဖြန့်ဖြူးရောင်းချခြင်းမပြုရေး မြို့နယ်အစားအသောက်နှင့် ဆေးဝါးကြီးကြပ် ကွပ်ကဲရေးကော်မတီဝင် ဌာနဆိုင် ရာပူးပေါင်းအဖွဲ့များဖြင့် ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။
ကိုဗစ်-၁၉ရောဂါ ကူးစက်မှုများ တွေ့ရှိမှုများပြားလာနေသဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးဆိုင်ရာ ကျန်းမာရေးအထောက်အကူပြုပစ္စည်းများဖြစ်သည့် နှာခေါင်းစည်းများ၊ လက်သန့်ဆေးများကို ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး၊ တားမြစ်ဆေးများ၊ မူးယစ်ဆေးအုပ်စုဝင်ဆေးများ၊ ကာမစိတ်ကြွဆေးပြားများ၊ ခွင့်ပြုချက်မရှိသည့်ကြီးကြပ်ကန့်သတ်ဆေးဝါးများ၊ ထိန်းချုပ်ဆေးဝါးများ၊ သက်တမ်းလွန်ခါနီးဆေးဝါးများ၊ သက်တမ်းလွန်ဆေးဝါးများ၊ ဆေးဝါးအတုများ၊ ဆေးဝါးမှတ်ပုံတင်မရှိသည့်ဆေးဝါးများ၊ သုံးစွဲရန်မသင့်သော ဆေးဝါးများ၊ စံမညီဆေးဝါးများ ဝယ်ယူတင်သွင်းဖြန့်ချိရောင်းချမှုမရှိစေရေး ကော့သောင်းမြို့နယ် အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီဝင် ဌာနဆိုင်ရာအဖွဲ့အစည်းများဖြစ်သည့်၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ စားသုံသူရေးရာဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့တို့မှ တာဝန်ရှိသူများ ပူးပေါင်းအဖွဲ့ဖြင့် လိုက်လံစစ်ဆေးကြခြင်း ဖြစ်သည်။
နှာခေါင်းစည်းများ၊ လက်သန့်ဆေးများ မတန်တဆဈေးနှုန်းမြှင့်တင်ရောင်းချနေသည့်ဆိုင်များ စစ်ဆေးတွေ့ရှိရခြင်း၊ ပြည်သူများအနေဖြင့် သတင်းပေးတိုင်ကြားမှုများဖြစ်ပေါ်လာပါက အရောင်းဆိုင်များအား အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူခြင်းခံရမည်ဖြစ်ကြောင်း အသိပညာပေးဆွေးနွေးခဲ့ကြကြောင်းလည်း သိရသည်။
ကျော်စိုး (ကော့သောင်း)