ဝါးခယ်မ ဖေဖော်ဝါရီ ၂၃
ဧရာဝတီတိုင်း ဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့တွင် မြို့နယ်စည်ပင်သာယာရေး ဝန်ထမ်းများက ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ "အိုမီခရွန်" ရောဂါ ကူးစက်ပြန့်ပွားမှုကို ကာကွယ် တားဆီးထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးခြင်း လုပ်ငန်းများကိုပြည်သူများ ကျယ်ကျယ် ပြန့်ပြန့်သိရှိလိုက်နာ ဆောင်ရွက်ကြစေရန် အသိပညာပေး ဆိုင်းဘုတ်များ စိုက်ထူခြင်း နှိုးဆော်မှုများ ပြုလုပ်ခြင်း စသည့် လုပ်ငန်းများကို ယနေ့နံနက်မှစ၍ မြို့မစျေးကြီးအတွင်း စည်ပင်သာယာရေး ဝန်ထမ်းများက ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် စျေးရောင်းချသူပြည်သူများနှင့် စျေးဝယ်လာသူ ပြည်သူများ Mask ကို စနစ်တကျတပ်ဆင်၍ စျေးရောင်းစျေးဝယ် ဆောင်ရွက်ကြရန်၊ လက်ကိုမကြာခဏ ဆေးရန်အတွက် လက်ဆေးရန်ဆပ်ပြာ၊ ရေနှင့်လက်သန့်ဆေးရည်များကို စျေးအဝင်တွင် ထားရှိပေး၍ လက်ဆေးပြီးမှ စျေးအတွင်းသို့ ဝင်ရောက်ရန် လက်မဆေးဘဲ ပါးစပ်၊ နှာခေါင်း၊ မျက်စိတို့ကို ပွတ်သပ်ကိုင်တွယ်ခြင်း မပြုလုပ်ရန်၊ နေထိုင်မကောင်းပါက စျေးရောင်းစျေးဝယ်မပြုလုပ်ကြရန် ရောဂါကူးစက်မှုခံရပါက နီးစပ်ရာကျန်းမာရေးဌာနသို့ ဆက်သွယ်၍ မပျက်မကွက် ဆေးကုသမှု ခံယူကြရန်ကျန်းမာရေး ဝန်ကြီးဌာနမှထုတ်ပြန်ထားသည့် စည်းကမ်းချက်များကို စျေးရောင်း စျေးဝယ်လာသော ပြည်သူများအားကျယ်ကျယ် ပြန့်ပြန့်သိရှိနိုင်ရန် ဆိုင်းဘုတ်များ ထောင်ခြင်း အသိပညာပေးနှိုးဆော်ခြင်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ရီရီလွင်(ဝါးခယ်မပြန်/ဆက်)