ကန်ကြီးထောင့် ဖေဖော်ဝါရီ ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲသစ် Omicron (အိုမီခရွန်)ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေး အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း တပ်ဆင်ရေး Mask Campaign ပြုလုပ်ခြင်းကို ယမန်နေ့ နံနက် ၈ နာရီအချိန်တွင် ကန်ကြီးထောင့် မြို့အဝင်ဂိတ် မာလာကုန်းလမ်းဆုံတွင် ပြုလုပ်ခဲ့ကြသည်။
ယင်းသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်အောင်နှင့် အဖွဲ့ဝင်များ ဌာနဆိုင်ရာများက မြန်မာနိုင်ငံတွင် အိုမီခရွန် (Omicron) ရောဂါပိုး ကူးစက်သူများ ရှိနေပြီးဖြစ်ပြီး၊ ကန်ကြီးထောင့်မြို့နယ်တွင်လည်း ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူများ ရှိနေပြီဖြစ်၍ ပြည်သူများ အနေဖြင့် နေအိမ်ပြင်ပထွက်ခွာပါက ပါးစပ်နှင့် နှာခေါင်းစည်း Mask ကို စနစ်တကျ တပ်ဆင် သွားလာကြရန်၊ အရာဝတ္ထုတစ်ခုခုကို ကိုင်တွယ်ပြီးတိုင်း လက်ကိုဆပ်ပြာဖြင့် ဆေးကြောပေးရန်၊ လက်ကို ဆေးကြောခြင်းမပြုမီ ပါးစပ်၊ နှာခေါင်းနှင့် မျက်စိတို့ကို ပွတ်သပ်ခြင်း၊ ထိတွေ့ခြင်း မပြု လုပ်ရန်၊ အပြင်ထွက်ရာက ပြန်လာတိုင်း ပါးစပ်နှင့် နှာခေါင်းစည်း Mask များကို စနစ်တကျ စွန့်ပစ် ရန်၊ ပြည်သူများအနေဖြင့် တစ်ဦးနှင့် တစ်ဦး ခပ်ခွာခွာနေကြရန်၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံမှုများကို အကြိမ်ပြည့် မပျက်မကွက်ခံယူကြရန် အသိပညာပေး ပြောကြားခြင်းများ ဆောင်ရွက်ခဲ့ပြီး နှာခေါင်းစည်း Mask များကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မဇင်(ပြန်/ဆက်)